ဇင်းကျိုက်၊ ဒီဇင်ဘာ(၁၁)

မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့၊ ဇင်းကျိုက်နယ်မြေရဲစခန်းက နယ်ထိန်းအပါအဝင်ရဲတပ်ဖွဲ့ဝင် ၂ ဦးဟာ ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၃ နာရီလောက်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့ရတာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နယ်ထိန်းရဲမောင်ကိုကိုနဲ့ ရဲတပ်သား ခိုင်ဇော်ထွန်းတို့ဟာ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာကနေ ဇင်းကျိုက်ရဲစခန်းအပြန် မော်လမြိုင်-ရန်ကုန်ကားလမ်းမပေါ်မှာ အမည်မသိသေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် နယ်ထိန်းရဲမောင်ကိုကိုနဲ့ ရဲတပ်သားခိုင်ဇော်ထွန်းတို့ဟာ ဦးခေါင်းနဲ့ဝမ်းဗိုက်တွေမှာ သေနတ်ဒဏ်ရာ ၄ ချက်စီရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ။

သေဆုံးသွားတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကိုတော့ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မော်လမြိုင်-ရန်ကုန် ကားလမ်းမမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတာနဲ့ သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၂ ဦးကိုတော့ ဘယ်အဖွဲ့အစည်းက ပစ်ခတ်ရှင်းလင်းခဲ့လဲဆိုတာ လက်ရှိအချိန်အထိ ထုတ်ပြန်ထားတာတွေ မတွေ့ရသေးပါဘူး။

ဇင်းကျိုက်နယ်မြေရဲစခန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပြီး အဲဒီတိုက်ခိုက်မှုမှာ ရဲတပ်သား ၂ ဦး မစိုးရိမ်ရ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.