စလင်း – ဒီဇင်ဘာ(၆)
မကွေးတိုင်း စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးကို စစ်ကောင်စီက ဖမ်းဆီး ပြီးနောက် (၁၉) နှစ်အရွယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးပစ်ခတ်သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ(၄) ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲက အသက်အငယ်ဆုံးဖြစ်သူကို စလင်းမြို့နယ်ရဲစခန်းက သေနတ်နဲ့ ပစ်သတ်သွားတာပါ။
စစ်ကောင်စီရဲ့ ဖမ်းဆီးခံလိုက်ရသူတွေဟာ ရေနံချောင်းဘက်က အဖွဲ့တွေလို့ သိရပြီး သူတို့ သုံးဦးကို စလင်းနဲ့ ပွင့်ဖြူမှာ ပိတ်စစ်ပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ စလင်း-ပွင့်ဖြူ လမ်းပိုင်းနဲ့ ပုသိမ် မုံရွာလမ်းတလျှောက်ကို လုံခြုံရေး တင်းကြပ်စွာချထားပြီး ကင်းပုန်းစောင့်ဆိုင်တာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ လူငယ်ဟာ စလင်းမြို့နယ် ထွေအုပ်ရုံးနားမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး သူတို့နဲ့အတူ သေနတ်အရှည်နှစ်လက်နဲ့ လက်လုပ်မိုင်းတွေပါလာတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်သတ်ဖြတ်ခံရပြီး ကျဆုံးခဲ့သူ (၂၅၆၁) ဦးအထိရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်