မိုးဗြဲ၊ နိုဝင်ဘာ (၂၉)
ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်မိုးဗြဲမြို့ စက်တော်ရာဘုရားအနီးမှာ ဒေသခံကလေးငယ်(၃)ဦး မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၇) ရက်နေ့က မိုးဗြဲမြို့ပေါ်က စက်တော်ရာဘုရားအနီးမှာ စစ်ရှောင်စခန်းကနေ နေရပ်ပြန်လာနေတဲ့ ကလေးငယ် ၃ ဦး ငှက်ပစ်ထွက်ရင်း မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။
မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ကလေးငယ် ၃ ဦးလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက ကလေးငယ်တစ်ဦးဟာ ဦးခေါင်းဒဏ်ရာရရှိထားတဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ ကလေးသူငယ် ၃ ဦးကို ဒေသကာကွယ်ရေးတပ်တွေနဲ့ မိုးဗြဲကာကွယ်ရေးအသင်းတို့ ပူးပေါင်းပြီး သွားရောက်ခေါ်ဆောင်ခဲ့ပြီနောက် ဆေးကုသပေးနေတာ ဖြစ်ပါတယ်။
ကလေးငယ်တွေ မြေမြှုုပ်မိုင်း နင်းမိခဲ့တဲ့ မိုးဗြဲမြို့ စက်တော်ရာဘုရားအနီးမှာ စစ်ကောင်စီတပ် ကင်း ပုန်းချထားတဲ့ နေရာတစ်ခုဖြစ်တယ်လို့ မိုးဗြဲ PDF က ပြောပါတယ်။
မိုးဗြဲမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းတွေကြောင့် တစ်လအတွင်း ထိခိုက်ဒဏ်ရာရရှိသူ (၉) ဦးအထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ စစ်ဘေးရှောင်တွေကို နေရပ်ပြန်လာဖို့ ဆက်တိုက်ပြောဆိုနေတဲ့အတွက် မိုးဗြဲဒေသခံ တစ်ဝက်လောက်ဟာ သူတို့ရဲ့နေအိမ်တွေကို ပြန်လည် ရောက်ရှိနေပြီဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ဆိုကြပါတယ်။
သတင်း – သံလွင်တိုင်းမ်