နမ့်ဆန် – နိုဝင်ဘာ(၂၆)

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ဆန်လေတပ်စခန်း အမှတ်(၇၁) ရေဒါအုပ်က ဒုတိယဗိုလ်မှူးကြီး အပါအဝင် (၁၀) ဦးကို တပ်တွင်းသတင်းပေါက်ကြားမှုနဲ့ပတ်သက်ပြီး ဖုန်းတွေသိမ်းထားကာ စစ်ကောင်စီက စောင့်ကြည့်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

တရုတ်နိုင်ငံလုပ် FTC 2000G တိုက်လေယာဉ် (၆)စီး နိုဝင်ဘာလ (၂၄) ရက်နေ့မှာ နမ့်ဆန် လေတပ်စခန်းဌာနချုပ်ကို ရောက်ရှိမယ့် သတင်းပေါက်ကြားခဲ့တာနဲ့ ပတ်သက်ပြီး နမ့်ဆန် လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်က သိမ်းဆည်းလိုက်တာပါ။

စစ်ကောင်စီက F-7 နဲ့ A-5 ဗုံးကြဲတိုက်လေယာဉ်တွေကို အစားထိုးဖို့ FTC 2000 G အမျိုးအစား ဘက်စုံသုံးတိုက်လေယာဉ်တွေကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သီတင်းကျွတ်လပြည့်နေ့က ဆီမီးထွန်းရာကနေ စစ်ကားသုံးစီးမီးလောင်ပျက်စီးသွားတာ နဲ့ပတ်သက်ပြီး ဌာနချုပ်ကို သတင်းမတင်ပြဘဲ သတင်းထိန်ချန်မှုတွေလဲ ရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ကောင်စီအမှတ်(၇၁) ရေဒါအုပ် ဒုတိယဗိုလ်မှူးကြီး အောင်ကိုမြင့်၊ဗိုလ်မှူး စိုးလှိုင်မင်း၊ဗိုလ်မှူး ထက်နောင်ကျော်၊ဗိုလ်မှူး မင်းဇင်၊ဗိုလ်ကြီး ရဲမြင့်အောင်၊ ဗိုလ်ကြီး ကျော်ကျော်လင်း၊ ဗိုလ်ကြီး ကိုကိုအောင်၊ ဗိုလ်ကြီး ရဲလင်းထက်၊ ဗိုလ်ကြီး နိုင်ဝင်းဦး ဗိုလ်ကြီး စိုးသီဟအောင်နဲ့ ဗိုလ်ကြီး အောင်သစ်တို့ရဲ့ ဖုန်းတွေသိမ်းဆည်းပြီး စောင့်ကြည့်ခံနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.