ရန်ကုန် – နိုဝင်ဘာ(၂၂)

အလွတ်တန်းသတင်းထောက် အလှလေးသူဇာ (ခေါ်) မသူဇာကို ဒီနေ့ နိုဝင်ဘာလ(၂၂) ရက်နေ့ နေ့လည်ပိုင်းက အင်းစိန်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်(၂)နှစ်ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလက ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက်မသူဇာကို ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့မရဲစခန်းကနေ နိုင်ငံတော်ဆူပူမှုဖြစ်အောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် ထားတာပါ။

“ဒီနေ့ နေ့လည်က ထောင်တရားရုံးက အမိန့်ချလိုက်တာပါ။ ထောင်(၂) နှစ်ချလိုက်တယ်ပြောတယ်။ ချုပ်ရက်တွေကိုတော့ ထုတ်နုတ်ခံစားခွင့်ပြုတယ်လို့ ပြောတယ်” လို့ မသူဇာမိသားစုနဲ့ နီးစပ်သူ တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးအမိန့်ချလိုက်တဲ့ မသူဇာဟာ ပြည်တွင်း၊ပြည်ပ သတင်းဌာနတချို့မှာ (၁၀) နှစ်ကျော်အလုပ်လုပ်ကိုင်ခဲ့တဲ့ ဝါရင့်သတင်းသမားတစ်ဦးဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား (၁၀၀)ကျော် အထိဖမ်းဆီးခံ ထားရပြီး အဲ့ဒီထဲမှာ ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကိုတော့ စစ်တပ်ကဖမ်းဆီးပြီး ရက်ပိုင်း အကြာမှာပဲ စစ်ကြောရေးမှာ သတ်ဖြတ်ခဲ့တာပါ။

လက်ရှိမှာ စစ်ကောင်စီဖမ်းဆီးထားတဲ့ သတင်းသမား ဦးထဲက သတင်းသမား တချို့ကို ပြန်လွှတ် ပေးခဲ့ပေမယ့် လက်ရှိအချိန်ထိ သတင်းထောက် (၅၀) နီးပါးဟာ အကျဉ်းချခံထားနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.