မော်လမြိုင် – နိုဝင်ဘာ(၂၂)

အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့ လူထုရဲ့ ရှေ့မှာ မားမား မတ်မတ်ရပ်တည်နေတဲ့ အစိုးရဖြစ်သလို တည်ဆောက်ရေးမှာလည်း လူထုအားကိုးရတဲ့ အစိုးရ ဖြစ်ဖို့ ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။

ဒီနေ့ နိုဝင်ဘာလ(၂၂) ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၇၅) ကြိမ်မြောက်အစည်းအဝေးမှာ အခုလိုပြောဆိုခဲ့တာပါ။

“စစ်တပ်ကို အလျင်အမြန် မသုတ်သင် မချေမှုန်းနိုင်သရွေ့ ပြည်သူတွေက နေစဉ် ဒုက္ခကြုံတွေ့ နေရမှာ ဖြစ်တယ်ဆို တာနဲ့ တော်လှန်ရေးအစိုးရ တစ်ရပ်အနေနဲ့ လူထုရဲ့ ရှေ့မှာ မားမားမတ်မတ် ရပ်တည်နေတဲ့ အစိုးရ ဖြစ်သလို တည်ဆောက်ရေး အတွက် လူထုအားကိုးရတဲ့ အစိုးရဖြစ်ဖို့ အတွက်လည်း ကြိုးစားနေတယ်” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်း ဥစ္စာဓန ခွဲဝေမှု မညီမျှတာဟာ အထွေထွေစီးပွားရေးအကြပ်အတည်း တွေကို ဖန်တီးနေတာဖြစ်ပြီး မြန်မာ့နွေဦးတော်လှန်ရေးအတွင်းမှာလည်း နိုင်ငံရေး ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေကို တွန်းလှန်ဖြိုဖျက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံအတွင်းမှာ စီးပွားရေးအရ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ ကို အဓိကလုပ်ဆောင်နေပြီး ခရိုနီလူတန်းစားဟာ စစ်အုပ်ချုပ်ရေးကာလတွေမှာပဲ ပေါ်ထွက်လာ တာဖြစ်တယ်လို့ ယာယီသမ္မတက ဆိုခဲ့ပါတယ်။

“ဒီနေရာကနေ အထူးတိုက်တွန်းချင်တာ တစ်ခု ရှိပါတယ်။ အဲဒါကတော့ လက်ရှိ မြန်မာ့နွေဦး တော်လှန်ရေးမှာစစ်အုပ်စုတစ်ခုလုံးကို အလျင်အမြန် ချေမှုန်း သုတ်သင်နိုင်ရေးသာဖြစ်ပါတယ် ။ စစ်အုပ်စုတစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့အတွက် မဟာ မိတ်စစ်ရေးတပ်ပေါင်းစုနဲ့ တွန်းလှန်ဖြိုဖျက်ဖို့ လိုအပ် နေပါတယ်။ ” လို့ ယာယီသမ္မတက ပြောပါတယ်။

(၇၅) ကြိမ်မြောက်အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအပါအဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေ တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.