နယူးယောက်၊ နိုဝင်ဘာ (၂၂)
နိုင်ငံတကာ မိုင်းတားမြစ်ရေးစာချုပ်ကို အတည်ပြုပြီး ၂၅ နှစ်အကြာ ၂၀၂၂ခုနှစ်မှာ မြေမြှုပ်မိုင်းတွေကို အင်နဲ့ အားနဲ့ အသုံးပြုနေတာဟာ မြန်မာနဲ့ ရုရှားနဲ့ တို့ နိုင်ငံနှစ်နိုင်ငံသာရှိတော့တယ်လို့ Human Right Watch
Network က ဒီကနေ့ နိုဝင်ဘာ ၂၂ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ ၁၉၉၉ ခုနှစ်ကတည်းက မြေမြှုပ်မိုင်းတွေကို အသုံးပြုခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာ ဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အသုံးပြုမှုပိုမိုမြင့်တက်လာပြီး အများဆုံးအသုံးပြုတဲ့ နိုင်ငံတွေထဲ ပါဝင်လာ ခဲ့တာပါ။
“တစ်ခါတလေကျရင် နွားတွေက မြန်မာနိုင်ငံထဲကို ဖြတ်ကူးတဲ့အတွက် ပြန်ခေါ်လာရတယ်။ မိုင်းတွေထောင် ထားမှန်းမသိခဲ့ဘူး။ သူတို့ကို လှမ်းကြည့်လိုက်တော့ ပေါက်ကွဲသွားတယ်။ သတိလစ်သွားတယ်။ အိပ်ရာက နိုးလာတော့ ဘယ်ခြေထောက်က မရှိတော့တာကို တွေ့လိုက်ရတယ်။ အခုထိနာကျင်နေသေးတယ်”လို့ အ သက် (၂၂)နှစ် အရွယ်ရှိ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာနေထိုင်တဲ့ နွား ကျောင်းသား တစ်ဦးက စက်တင် ဘာ ၁၆ ရက်မှာ သူမြေမြှုပ်မိုင်းထိမှန်ခဲ့တဲ့ အတွေ့အကြုံကိုပြောပြခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။
အဲဒီအစီရင်ခံစာမှာ စစ်အစိုးရက နိုင်ငံအနှံ့ ထောင်ထားခဲ့တဲ့ ရာပေါင်းများစွာသော မြေမြှုပ်မိုင်း ဓာတ်ပုံတွေ ကိုလည်း ခွဲခြမ်းစိတ်ဖြာပြီး ဖော်ပြထားပါသေးတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းအကြွင်းအကျန်တွေကြောင့် အရပ်သား ၁၅၇ ဦး သေဆုံးကာ ၃၉၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးသူတွေရဲ့ သုံးပုံတစ်ပုံဟာ ကလေးငယ်တွေ ဖြစ်တယ်လို့လည်း အစီရင်ခံစာအရသိရပါတယ်။
စစ်တပ်က အိမ်တွေ၊ ရွာလမ်းတွေ၊ ဘုရားကျောင်းဝင်းတွေနဲ့ ခြံတွေမှာ မြေမြှုပ်မိုင်းတွေ ချထားပြီး မိုင်းတွေ ဖောက်ခွဲဖို့အတွက် အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ဆိုထားပါတယ်။
ဩဂုတ်လအတွင်း ရခိုင်ပြည်နယ်အနှံ့ တိုက်ပွဲများ ပြန်လည်စတင်လာပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရက္ခိုင့်တပ်တော် (AA)ရဲ့ နယ်မြေမှာ စစ်တပ်က မိုင်းဒါဇင်ပေါင်းများစွာကို ထားရှိခဲ့ပါတယ်။
ထင်းလိုက်လံစုဆောင်းပြီး လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးအတွက် နွားစားကျက်တွေမှာနွားတွေကို လိုက်လံ ကျောင်းရတဲ့ လူနေမှုဘဝရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ မြေမြှုပ်မိုင်းကြောင့် အသေအပျောက်များ မြင့်တက်သထက် မြင့်တက်လာနေတယ်လို့လည်း Human Right Watchက ဆိုထားပါတယ်။
မြန်မာစစ်တပ်ဟာ ဥပဒေတွေကို ပြင်းထန်စွာ ချိုးဖောက်ပြီး လူမျိုးစုဒေသများမှာရှိတဲ့ လက်နက်ကိုင် ပဋိပက္ခ တွေမှာ စစ်ရာဇဝတ်မှုတွေ အများအပြားကျူးလွန်နေတာပါ။
အာဏာသိမ်းပြီးချိန်ကတည်းက စစ်အစိုးရဟာ မိုင်းတွေကြောင့်ဒဏ်ရာရသူတွေကို ဆေးကုသမှုမလုပ်ဖို့ ကျန်းမာရေးဝန်ထမ်းများကိုဖိအားပေးပြီး အသက်ကယ်ဆယ်ရေးအကူအညီတွေကို ပိတ်ပင်ခဲ့တယ်လို့လည်း အစီရင်ခံစာအရသိရပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းရှိ အိုးအိမ်မဲ့ရွှေ့ပြောင်းနေထိုင်သူ ၁ဒသမ၄ သန်းဟာ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် နေရပ်မပြန်နိုင်ဘဲရှိနေပါတယ်။
ဒီအစီရင်ခံစာမှာ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ မိုင်းအသုံးပြုမှုကိုလည်း ကိုးကားဖော်ပြ ထားပါတယ်။
၁၉၉၇ ခုနှစ် မိုင်းတားမြစ်စာချုပ်မှာ လူသတ်မိုင်းတွေကို တားမြစ်ထားပြီး လက်ကျန်မိုင်းရှင်းလင်းရေး၊ ဖျက်ဆီး ရေးနဲ့ မိုင်းကြောင့်ထိခိုက်ရသူ အပြစ်မဲ့ပြည်သူတွေအတွက် အကူအညီတွေပေးဖို့ ပါရှိထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အဲဒီစာချုပ်မှာ ပါဝင်ထားခြင်းမရှိပေမယ့် စစ်အစိုးရဟာ မြေမြှုပ်မိုင်းတွေကို ဥပဒေမဲ့ လက်လွတ်စပါယ် အသုံးပြုနေဆဲ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။
Ref: Human Right Watch