ရန်ကုန်၊ နိုဝင်ဘာ (၂၂)
အာဏာသိမ်း စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို အသစ်ပြဌာန်းဖို့ လုပ်ပိုင်ခွင့် မရှိဘူးလို့ တိုင်းရင်းသား အင်အားကြီး နိုင်ငံရေးပါတီတွေက ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ UEC ပြောခွင့်ရ ဦးခင်မောင်ဦးက ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ အထွေ ထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ပြင်ဆင်နေပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအသစ်ကိုလည်း မကြာမီပြဌာန်းမယ်လို့ ပြောဆိုခဲ့တာပါ။
ဥပဒေသစ်ကို ပြဌာန်းရာမှာ လက်ရှိတည်ဆဲ နိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေနဲ့အညီ ဆက်လက်ဆောင် ရွက်ရမယ့် ကိစ္စတွေ ရှိသလို နိုင်ငံရေးပါတီအသစ်တွေကလည်း တည်ထောင်မှတ်ပုံတင်ခွင့်တွေလျှောက် ထားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကတော့ စစ်ကောင်စီ UEC အသစ်ပြဌာန်းမယ့် ဒီဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက်တစ်ခုခုနဲ့ ငြိစွန်းနေမယ်ဆိုရင် လုပ်ပိုင်ခွင့် မရှိဘူးလို့ ထောက်ပြတာပါ။
“ဒါတော့ နှစ်ပိုင်းရှိလိမ့်မယ်ဗျ၊ သူတို့ရဲ့ အရေးပေါ်ကာလသက်တမ်းမှာ လုပ်ပိုင်ခွင့်ရှိတာကတော့ တရားဥပဒေတွေတော့ သူတို့ ချမှတ်ပိုင်ခွင့်ရှိတာပေါ့။ လိုအပ်လို့ ဥပဒေတွေအမိန့်တွေ ထုတ်ပြန်ပိုင်ခွင့် ရှိတယ်။ သို့သော်လည်းပဲ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြန်ပြင်ပိုင်ခွင့်မရှိဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေအ သစ်ကို ရေးဆွဲပိုင်ခွင့် မရှိဘူးလေ။အဲဒါကြောင့်မို့ သူတို့အခုလုပ်မယ့် UEC Law အသစ်ဟာ တကယ်လို့ ဖွဲ့စည်းပုံထဲက အချက်နဲ့ သွားငြိစွန်းပြီးတော့မှ ဖွဲ့စည်းပုံမှာ ပြဌာန်းထားတဲ့အချက်ကို ပြင်ဆင်ရတာမျိုး၊ပယ်ဖျက်ရတာမျိုး၊အသစ်ရေးရတာမျိုးနဲ့ သွားပြီးတော့ ငြိစွန်းတယ်ဆိုရင် ဒါသူတို့ လုပ်ပိုင်ခွင့် မရှိဘူးလို့ပဲ ပြောရမှာပေါ့”လို့ သူက ပြောပါတယ်။
ရခိုင်အမျိုးသားပါတီ၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်ကလည်း စစ်ကောင်စီအနေနဲ့ အာဏာသုံးရပ်ကို တစ်ပြိုင်နက်ကိုင်ဆွဲနေပေမယ့် ဥပဒေတွေကို ရေးဆွဲခွင့်ရှိတဲ့အဖွဲ့အစည်းဟာ လွှတ်တော်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
“စကစ ကနေ အာဏာသုံးရပ်ကို တစ်ပြိုင်နက်ကိုင်ဆွဲပြီးတော့ ဥပဒေဆွဲခွင့်ကို အခု စကစက ဖွဲ့စည်းပေးထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လုပ်ပိုင်ခွင့်တွေ ပေးလိုက်တယ်လို့ ကောက်ချက်ဆွဲရမလားလို့ ကျွန်တော်တို့ မသိဘူး။ဒါပေမယ့် တကယ့် ဥပဒေကို တရားဥပဒေနဲ့အညီ ရေးဆွဲခွင့်ရှိတဲ့အဖွဲ့အစည်းကတော့ လွှတ်တော်တွေကသာ ဥပဒေပြုခွင့်အာဏာရှိတယ်လို့ ကျွန်တော်တို့က အဲဒီလို နားလည်ပါတယ် ခင်ဗျ”လို့ သူက ပြောပါတယ်။
စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲကျင်းပမယ့် အခြေအနေ၊ ကိုယ်စား လှယ်လောင်း တင်သွင်းရမယ့် နေ့ရက်တွေ အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ကြော်ငြာချက်တွေကို အချိန်မီထုတ်ပြန်ပေးသွားမယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ မဲဆန္ဒနယ်မြေတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးတွေကလည်း အရေးကြီးတဲ့အတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။
လက်ရှိမှာတော့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီ ၉၀ ကျော်ရှိနေပြီး လာမယ့်နှစ် စစ်ကောင်စီလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က လုံးဝ ဝင်ပြိုင်မှာမဟုတ်ဘူးလို့ ကြေညာထားပေမယ့် ကျန်တဲ့ပါတီအများစုကတော့ ဝင်ပြိုင်ဖို့ ရှိ၊ မရှိ တရားဝင် မကြေညာရသေးပါဘူး။
စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး (USDP) ပါတီကတော့ ရွေးကောက်ပွဲအတွက် ထိပ်ပိုင်းရာထူးတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းအတွင်း အပြောင်းအလဲလုပ်ခဲ့သလို ပါတီတွင်းလုပ်ငန်းစဉ် အစည်းအဝေးတွေကိုလည်း ခပ်စိပ်စိပ် လုပ်ဆောင်နေတာပါ။
သတင်း – သံလွင်တိုင်းမ်