လောင်းလုံး၊ နိုဝင်ဘာ (၂၀)
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှေ့မှာ နိုဝင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်တွေ သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့ မနက် ၈ နာရီလောက်မှာ ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီနဲ့ လောင်းလုံးမြို့နယ် အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီဝင်တွေက “မတရားမှုကို ဆန့်ကျင်မယ်၊ အမှန်တရားအတွက် ခွပ်ဒေါင်းတွေ သေရဲတယ်”ဆိုတဲ့ ဘန်နာကို ချိတ်ဆွဲပြီး ကြွေးကြော်ဆန္ဒပြစဉ် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာပါ။
သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပေမယ့် သပိတ်အဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရ မရှိဘဲ လုံခြုံစိတ်ချရတဲ့ နေရာတွေကို ပြန်လည် ရောက်ရှိလာပြီလို့ ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ သပိတ်လူငယ်တွေကို အကြမ်းဖက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ လုပ်ရပ်အတွက် စစ်ကောင်စီအနေနဲ့ နောင်တစ်ချိန်မှာ ပြန်လည် တာဝန်ခံရမယ်လို့ ဆိုပါတယ်။
လောင်းလုံးမြို့ပေါ်မှာတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းကလည်း သပိတ်လူငယ်တွေ သေနတ်နဲ့ ပစ်ခတ် ဖြိုခွင်းခံခဲ့ရပြီး အဲဒီပစ်ခတ်ဖြိုခွင်းမှု ဖြစ်စဉ်မှာ ဆန္ဒပြလူငယ်တွေ ဖမ်းဆီးမခံခဲ့ရပေမယ့် ဆိုင်ကယ်တွေ အသိမ်းခံထားရတာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်မှာတော့ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း အကြမ်းမဖက်တဲ့ လှုပ်ရှားမှုတွေ လက်ရှိအချိန်အထိ ဆက်ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်