ဝါရှင်တန်ဒီစီ – နိုဝင်ဘာ(၁၉)
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဌာနရုံးဖွင့်ပွဲပြုလုပ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့မှာ ဖွင့်လှစ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး မိတ်ဆက်ပွဲကို နိုဝင်ဘာလ(၁၈) ရက်နေ့က ပြုလုပ်ခဲ့တာပါ။
ဝါရှင်တန်ဒီစီမြို့မှာ ဖွင့်လှစ်ထားတဲ့ ရုံးကို မြန်မာ Community နဲ့မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ဆက်သွယ်ရေးသတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကမ္ဘာ့နိုင်ငံတွေမှာ ကိုယ်စားလှယ်ရုံးခွဲတွေ ဖွင့်လှစ်ပြီး မြန်မာနိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို ကူညီလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ NUG ရုံးခွဲတွေကို အမေရိကန်၊ချက်၊အင်္ဂလန်၊နော်ဝေ၊ပြင်သစ်၊တောင်ကိုရီးယား၊ ဂျပန်၊အိန္ဒိယနဲ့ ဩစတြေးလျ နိုင်ငံတွေမှာ ဖွင့်လှစ်ပြီး သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရဟာ ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်း တာတွေဆောင်ရွက်နေသလို အာဆီယံဒေသတွင်းက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတာတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ NUG ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် သံတမန်စစ်ဆင်ရေးမှာ အရှုံးကြီးရှုံးနိမ့်နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်