ဝါရှင်တန်၊ နိုဝင်ဘာ(၁၉)
ဝန်ထမ်းပေါင်းများစွာ နုတ်ထွက်သွားပြီးတဲ့နောက်မှာ သူဌေးကြီး အီလွန်မက်စ်ရဲ့ တွစ်တာ ကုမ္ပဏီဟာ နောက်တစ်ပတ်အထိ ရုံးတွေပိတ်ထားခဲ့ပါတယ်။
ဒီလိုရုံးတွေပိတ်ထားမှာဖြစ် ကြောင်း ဝန်ထမ်းတွေကို မက်ဆေ့ချ်ပို့ပြောကြားခဲ့တာ ဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၂၁ရက်နေ့မှာတော့ ရုံးတွေပြန်လည်ဖွင့်လှစ်မှာ ဖြစ်တယ်လို့ အကြောင်းကြားထားခဲ့တာပါ။
ဘာကြောင့်ဒီလိုပိတ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်ကိုတော့ ဖော်ပြထားခဲ့ခြင်း မရှိပါဘူး။
တွစ်တာရဲ့ ပိုင်ရှင် အသစ် အီလွန်မက်စ်ဟာ ဝန်ထမ်းဟောင်းတွေကို အလုပ်မှထွက်ဖို့သာမက အလုပ်တွေရပ်ဆိုင်းငံ့ထားဖို့ တောင်းဆိုခဲ့တာကြောင့် ဝန်ထမ်းများစွာ အလုပ်ကနုတ်ထွက်ကြောင်း သတင်းတွေ ထွက်ပေါ်နေချိန်မှာ အလုပ် ပိတ်ထားတဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဝန်ထမ်းတွေဆီကို ပေးပို့ခဲ့တဲ့ မက်ဆေ့ချ်ထဲမှာတော့ “ကျေးဇူးပြုပြီး ကုမ္ပဏီရဲ့မူဝါဒကို လူမှုမီဒီယာမှာဖြစ်စေ၊ စာနယ်ဇင်းနဲ့ အခြားနေရာတွေမှာဖြစ်စေ၊ ကုမ္ပဏီရဲ့ လျှို့ဝှက်အချက်အလက်တွေကို ဆွေးနွေးခြင်းမှ ရှောင် ကြဉ်ခြင်းဖြင့် ဆက်လက်လိုက်နာပါရန်” ဆိုတဲ့ သတိပေးချက်လည်း ပါရှိခဲ့တာပါ။
အီလွန်မက်စ်ဟာ ကျန်နေခဲ့တဲ့ဝန်ထမ်းတွေကို နှစ်ရှည်တာဝန်ထမ်းဆောင်ဖို့ ကတိကဝတ်တွေ တောင်းဆို တာတွေလည်း ရှိနေခဲ့ပြီး အချို့သောလူတွေကတော့ ကုမ္ပဏီက ထွက်ခွာဖို့ လိုတယ်လို့ အခုတစ်ပတ်ထဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဝန်ထမ်းတွေထံ ပို့ခဲ့တဲ့ အီးမေးလ်တစ်စောင်မှာတော့ ကုမ္ပဏီပိုင်ရှင်အသစ်အနေနဲ့ အလုပ်သမားတွေဟာ သူတို့အလုပ်ဆက်လက်လုပ်ကိုင်လိုပါက အသစ်ချမှတ်ထားတဲ့ ကတိကဝတ်တွေကို သဘောတူသင့်တယ် ဆိုတဲ့ အရေးအသားမျိုးတွေ ပါဝင်နေတယ်နေတယ်လို့ ဝါရှင်တန်ပို့စ်ကို ပြောကြားခဲ့ကြပါတယ်။
နိုဝင်ဘာလ ၁၇ ရက် ကြာသပ တေးနေ့ နောက်ဆုံးထားပြီး စာရင်းမသွင်းထားသူတွေကို သုံးလခွဲ လစာပေးမယ်လို့ မစ္စတာ မက်စ်က ပြောပါတယ်။
အခုလအစောပိုင်းမှာ ကုမ္ပဏီအနေနဲ့ လုပ်သားအင်အားရဲ့ ၅၀ ရာခိုင်နှုန်းခန့် တစ်ဝက်တိတိ ဖြတ်တောက်ထားတယ်လို့ ပြောကြားထားပါတယ်။
မစ္စတာ မက်စ်ရဲ့ စည်းကမ်းချက်အသစ်တွေကို လက်ခံနိုင်ခြင်းမရှိတဲ့အတွက် လုပ်သားအများအပြားဟာ နုတ် ထွက်သွားခဲ့တာဖြစ်ပြီး အချို့တွေကလည်း ရာထူးကနေနုတ်ထွက်ကြပြီးတဲ့ နောက် အခုလို တွစ်တာရုံးတွေကို ယာယီ ပိတ်ထားလိုက်တာဖြစ်ပါတယ်။
ဝန်ထမ်းတွေဟာ ကုမ္ပဏီကနေထွက်ခွာသွားကြောင်းပြသဖို့အတွက် #LoveWhereYouWorked ဆိုတဲ့စာနဲ့ အလေးပြုတဲ့ အီမိုဂျီကို အသုံးပြုပြီး တွစ်တာမှာ ရေးသားဖော်ပြခဲ့ကြတာပါ။
အမည်မဖော်လိုတဲ့ Twitter ဝန်ထမ်းဟောင်းတစ်ဦးက ဘီဘီစီသတင်းဌာနကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။
“ဒီနေ့ ဖုန်တွေရှင်းသွားတဲ့အခါ လူပေါင်း ၂၀၀၀ ထက်မနည်းသာ ကျန်တော့မယ်လို့ ကျွန်တော်ထင်ပါတယ်။” လို့ သူက ဆိုပါတယ်။
သူတို့အဖွဲ့ထဲကလူတိုင်းကို အလုပ်ကနေ ထုတ်ပယ်လိုက်ပြီလို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
“အဲဒီအဖွဲ့ရဲ့ မန်နေဂျာ၊ သူ့မန်နေဂျာက ရာထူးက ရပ်စဲခံရတယ်။ ပြီးတော့ အဲဒီမန်နေဂျာရဲ့ မန်နေဂျာက အလုပ်က ရပ်စဲသွားတယ်။ အဲဒီအထက်က ပုဂ္ဂိုလ်က ပထမနေ့မှာ အလုပ်က ရပ်စဲခံရတယ်။ ဒါကြောင့် အဲဒီ အမိန့်ကွင်းဆက်ထဲမှာ ဘယ်သူမှ မကျန်တော့ဘူး” လို့ သူကဆိုပါတယ်။
မစ္စတာ မက်စ်ဟာတွစ်တာကို မထိန်းချုပ်မီအချိန်တုန်းက ကုမ္ပဏီမှာ ဝန်ထမ်းပေါင်း ၇၅၀၀ ခန့်ရှိပြီး ကုမ္ပဏီ အနေနဲ့ ထောင်နဲ့ချီတဲ့ ကန်ထရိုက်အလုပ်သမားတွေကို အလုပ်ခန့်ထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး အခုချိန်မှာတော့ အလုပ်သမားအများစု အလုပ်မှ ထုတ်ခံရတာလို့ နားလည်ထားကြတာပါ။
“အပတ်စဉ် နာရီ ၆၀-၇၀ အလုပ်လုပ်ပြီးတဲ့ အချိန်မှာ ‘ထူးခြားတဲ့ tweeps တွေက ဒီမှာ အလုပ်လုပ်သင့်တယ်’ လို့ အီးမေးလ်နဲ့ အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်လာတဲ့ တစ်စုံတစ်ယောက်အတွက် ကျွန်တော်တို့ အလုပ်မလုပ်ချင်ပါဘူး” လို့ အလုပ်သမားတွေက ပြောကြားခဲ့ကြပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်ဟာ ပြီးခဲ့တဲ့လက ကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလီယံ (ပေါင် ၃၇ ဘီလီယံ) နဲ့ ဝယ်ယူပြီးတဲ့နောက် Twitter ရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်လာခဲ့တာပါ။
Twitter ရဲ့ ရုံးတွေပိတ်ခံရခြင်းနဲ့ ပတ်သက်တဲ့ မက်ဆေ့ချ်ပေးပို့ပြီးနောက် Twitter ပိတ်သွားမယ့် အရေးနဲ့ ပတ်သက်တဲ့ မေးခွန်းကို တုံ့ပြန်ရာမှာတော့ “အတော်ဆုံးလူတွေပဲနေတော့ ငါအရမ်းစိတ်မပူဘူး” လို့ အီလွန် မက်စ်က ရေးသား ဖြေရှင်းခဲ့ပါတယ်။
Ref- BBC