စင်ကာပူ၊ နိုဝင်ဘာ (၁၅)
ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာ့စီးပွားရေး၊ လုံခြုံရေး၊ ရုရှားနဲ့ ယူကရိန်းအကြား ပဋိပက္ခတွေဟာ G 20 ထိပ်သီး အစည်းအဝေးအတွက် ခက်ခဲတဲ့ ကိစ္စတွေဖြစ်တယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နိုဝင်ဘာလ ၁၄ ရက်နေ့ (တနင်္လာနေ့)မှာ ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အဲဒီအကြောင်းအရာတွေဟာ G20 အတွက် အရေးပါတဲ့ ကိစ္စရပ်တွေဖြစ်ပြီး အလုံးစုံ အောင်မြင်မှုရရှိဖို့ မမျှော်လင့်ထားပေမယ့်လည်း ရှေ့ဆက်သွားဖို့ ယေဘုယျ ဦးတည်ချက်ဆိုင်ရာ ကိစ္စရပ် တွေအတွက် အများစုကြားမှာ သဘောတူညီမှုရရှိဖို့တော့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ်လီက မီဒီယာတွေကို ပြောကြားခဲ့တာပါ။
G-20 မှာ အဓိက အဆင့်မြင့် စီးပွားရေး ထွန်းသစ်စ ၁၉ နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ ပါဝင်ပြီး စင်ကာပူဟာ G-20 အဖွဲ့ဝင်မဟုတ်ပေမယ့်လည်း ပြီးခဲ့တဲ့ G-20 ထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ်အစည်းအဝေးများစွာမှာ ပါဝင်ဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ နိုင်ငံပေါင်း ၂၀ ပါဝင်မယ့် G-20 ထိပ်သီးအစည်းအဝေးဟာ ၁၇ ကြိမ်မြောက် အစည်းအဝေးလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလကတည်းက ဥက္ကဌ ရာထူးကို ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အခု၂၀၂၂ နှစ်ကုန်ပိုင်း မှာ ထိပ်သီးဆွေးနွေးပွဲကို ဦးဆောင်ကျင်းပမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံဟာ G 20 အစည်းအဝေး အခမ်းအနားတွေအတွက် အမေရိကန်ဒေါ် လာ ၄၅ မီလီယမ် အသုံးပြုဖို့ ဘတ်ဂျက်လျာထားခဲ့တာပါ။
အစည်းအဝေးလုံခြုံရေးအတွက် ရဲတပ်သား တစ်သောင်းနဲ့ စစ်သား တစ်သောင်းရှစ်ထောင်ကို တပ်စွဲပြီး လုံခြုံရေးပေးဖို့ အင်ဒိုနီးရှားအစိုးရက ပြင်ဆင်ထားပါတယ်။
G20 အစည်းအဝေးတွင်းကာလနဲ့ အစည်းအဝေးပြီး နောက်ပိုင်းကာလတွေမှာ လတ်တလောအနေနဲ့ ဘာလီကို ပျံသန်းမယ့် လေကြောင်းလိုင်းတွေကို ကန့်သတ်ထားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတွေကိုလည်း အချိန်အကန့်အသတ်နဲ့ ပျံသန်းခွင့်ပြုမှာ ဖြစ်သလို လေယာဉ်တွေ ကိုတော့ ဘာလီကျွန်းပေါ်မှာ ညလုံးပေါက် ရပ်နားခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
Ref ;Reuters