ရန်ကုန် – နိုဝင်ဘာ(၁၅)

အဆိုတော်စောဖိုးခွားကို စစ်ကောင်စီရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးသွားတယ်လို့ မိသားစု ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ ဒီနေ့ ညနေပိုင်းက ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာသူ့ရဲ့နေအိမ်ကို ပြန်ရောက်သွားပေမယ့် အဆိုတော် စောဖိုးခွား ကတော့ အခုချိန်ထိအိမ်ပြန်မရောက်သေးဘူးလို့ သိရပါတယ်။ “ ဘာကိစ္စနဲ့ ပြန်ဖမ်းလဲတော့ မသိရသေးပါဘူး။ အဖမ်းခံလိုက်ရတာမှန်ပါတယ်။ပြောချင်တာကို မရှိနေတော့ပါဘူး။ စိတ်တွေတအားကုန်နေပြီ ” လို့ အဆိုတော် စောဖိုးခွားရဲ့ မိသားစုဝင် တစ်ဦး က သံလွင်တိုင်းမ်ကိုပြောပါတယ်။

လက်တလောသတင်းတွေအရ အဆိုတော်စောဖိုးခွားကို ပဲခူးတိုင်းတောင်ငူမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆိုနေကြပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင် သေးပါဘူး။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းတဲ့ နေ့အစောပိုင်းထဲက အဆိုတော်စောဖိုးခွားကို သဘာဝဘေး စီမံခန့်ခွဲမှုပုဒ်မ ၃၀(က)၊ ပုဒ်မ၅၀၅(ခ) တို့နဲ့ ထောင်ဒဏ် (၂) နှစ်ချမှတ်ထားတာ ဖြစ်ပြီး ဒီနေ့ မှာ ထောင်ကပြန်လွတ်လာပေမယ့် ပြန်လည်ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.