မော်လမြိုင် – နိုဝင်ဘာ(၁၄)

မြန်မာနိုင်ငံအတွင်းက ပြည်သူတွေရဲ့ အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီအတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ထားပါတယ်။

အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ဖို့နဲ့ လုပ်ငန်းအကောင် အထည်ဖော်မှုကို အဆုံးအဖြတ်ပေးခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ အကြိမ်(၄၀) မြောက်နဲ့ (၄၁) ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ ဘုံသဘော တူညီချက်(၅) ရပ်ကို အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး အာဆီယံခေါင်းဆောင် တွေရဲ့ သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို အသိအမှတ်ပြုတယ်လို့လည်း ဆိုထားပါတယ်။

ဘုံသဘောတူညီချက်(၅) ချက်ဟာ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဖို့လုံလောက် မှု မရှိတဲ့အတွက် အကောင်အထည်ဖော်ရေးနဲ့ ထိရောက်တဲ့ အကူအညီပေး နိုင်ရေးတို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုထည့်သွင်းပြီး ပြန်လည်သုံးသပ် ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အာဆီယံခေါင်းဆောင်တွေအနေနဲ့ တရားမဝင်အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေ ကိုအာဆီယံအစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပိတ်ပင်ထားတဲ့အပြင် အာဆီယံဆွေးနွေး ညှိနှိုင်းရေးကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှာကိုလည်း ယုံကြည်တယ်လို့ NUG ကဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီကို ကန့်သတ်ရေး၊တာဝန်ယူမှုတာဝန်ခံမှုရှိစေရေးအတွက် အာဆီယံခေါင်းဆောင်တွေရဲ့ ကုလသမဂ္ဂကို အကူအညီတောင်းခံမှုနဲ့ပတ်သက်ပြီး NUG က ကြိုဆိုတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံအပေါ် ပြတ်သားထိရောက်တဲ့ဆောင်ရွက်ချက် တွေဟာ အာဆီယံနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုအပေါ် အထောက်အကူဖြစ်စေမှာ ဖြစ်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.