ဆော – နိုဝင်ဘာ(၁၅)

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့မှာရှိတဲ့ လက်ပန်းကျေးရွာ ကို စစ်ကောင်စီက သူတို့ ခြိမ်းခြောက်ထားတဲ့အတိုင်း မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၄) ရက်နေ့က ကျောက်ထုအမြောက်တပ်က ထွက်ပြေးသွားတဲ့ စစ်ကောင်စီ မိသားစုဝင်တွေကို ရှာပေးဖို့နဲ့ ရှာမပေးရင် ရွာကိုမီးရှို့မယ်လို့ ခြိမ်းခြောက်ထားတဲ့အတိုင်း ဒီနေ့ မနက်ပိုင်းမှာ စတင်မီးရှို့နေတာပါ။

လက်ရှိမှာတော့ ရွာသားတချို့ဟာ ရွာထဲမှာ ပိတ်မိနေကာအပြင်ကို ရှောင်တိမ်းဖို့ ခေါ်မရသလို ရွာရဲ့ တစ်ဝက်လောက်ဟာ မီးထဲပါသွားပြီး ကျောက်ထုအမြောက်တပ်ထဲကနေလဲ လက်နက်ကြီး တွေနဲ့ ကျေးရွာဘက်ကို ပစ်ခတ်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

အိမ်ခြေ (၂၃၈) လုံးရှိတဲ့ လက်ပန်းကျေးရွာမှာတော့ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ(၃၀) ကျော်မီးလောင်နေပြီး နေ့လည် (၂) နာရီဝန်းကျင်မှာ ဒုတိယအကြိမ်ထပ်မံ မီးရှို့ ခံနေရတဲ့အတွက် အပျက်အစီးကို မသိရသေးဘူးလို့ သူက ပြောပါသေးတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်အင်အား(၉၀) ကျော်ဟာ ဒီနေ့ ညနေပိုင်းမှာတော့ လက်ပန်းရွာကနေ ပြန်လည်ဆုတ်ခွာသွားပြီး ပဆုတ်ရွာကို မီးရှို့နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျောက်ထုအမြောက်တပ်ကနေ စစ်ကောင်စီမိသားစုဝင် အသက်(၁၇) နှစ် ဝန်းကျင် လူငယ်လေးဦး ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီတပ်က ဆောမြို့နယ်ထဲက လက်ပန်း၊ကံအို နဲ့ ပဆုတ်ရွာတွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ထားတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ယောရွှေလေး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.