ဘန်ကောက်၊ အောက်တိုဘာ (၂၂)

ထိုင်းနိုင်ငံ ပက်ကရက်ခရိုင် ဒေသန္တရမှာ ရဲအရာတစ်ဦးဖြစ်တဲ့ ချောင်ဝါလစ် ဖွမ်ကန်ဂျွန်ဟာ  စခန်းကနေ သေနတ် အလက်ပေါင်း ၁၀၀ ကို ခိုးယူပြီး ပြင်ပမှာ ပြန်လည်ရောင်းချခဲ့ပြီး အခုအခါမှာတော့ ပျောက်ဆုံးသွားတဲ့ လက်နက်အချို့ ပြန်လည်ရရှိပြီလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့အနေ ပျောက်ဆုံးနေဆဲ လက်နက်တွေကို ဆက်လက်ရှာဖွေနေတာပါ။ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ အရာရှိ ချောင်ဝါလစ် ကိုတော့ အချုပ်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး သူ့ရဲ့ လောင်းကစားကြွေးတွေကို ဆပ်ဖို့ ဒီလိုခိုးယူရောင်းချမှုကို ပြီးခဲ့တဲ့ ငါးနှစ် အတွင်း ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝှမ်း သေနတ်ပစ်ခတ်တဲ့ မှုခင်းတွေကို ကိုင်တွယ်နိုင်ရေး ဆောင်ရွက်ချက် အဖြစ် တရားမဝင်သေနတ် ကိုင်ဆောင် ထားသူတွေ အာဏာပိုင်တွေထံကို လာရောက်အပ်နှံနိုင်တယ်လို့  အခုသီတင်းပတ် အစောပိုင်းမှာ  ထိုင်းအစိုးက  ကြေငြာ လိုက်အပြီးမှာပဲ  ဒီဖြစ်ရပ်က ပေါ်ထွက်လာခဲ့တာပါ။

ချောင်ဝါလစ်ဟာ တာဝန်ထမ်းဆောင်ရာ ရဲဌာနမှာ မှုခင်းကျူးလွန်ဖို့ အခွင့်အရေးရရှိခဲ့ပြီး လက်နက်တွေ အလွဲသုံးစားပြုမှုနဲ့ တရားစွဲဆိုခံရတော့မှာလည်း ဖြစ်ပါတယ်။

တရားခံဖြစ်သူ ရဲအရာရှိဟောင်းရဲ့ ပြောကြားချက်အရ သူခိုးယူသွားတဲ့ သေနတ်ထွေထဲမှာ  Glock အမျိုးအစား၊ M4 ကာဘိုင် တွေပါဝင်ပြီး တစ်လက်လျှင် ဘတ် ၂ သောင်းနှုန်းနဲ့ သေနတ်ကိုင်ဆောင်လိုသူတွေနဲ့ အပေါင်ဆိုင်တွေ၊ လောင်းကစားသမား တွေထံကို ရောင်းချခဲ့တယ်လို့ သိရပါတယ်။ 

ဝန်ကြီးချုပ်ပရရွတ်ချန်အိုချာကတော့ နိုင်ငံတဝှမ်းရှိ ရဲစခန်းတွေမှာ လက်နက်နဲ့ အခြား ကိရိယာတွေကို နှစ်ကြိမ်တိုင်တိုင်စစ်‌ဆေးကြဖို့နဲ့ လုံခြုံရေးအတိုင်းအတာတွေကို တိုးမြှင့်သတ်မှတ်ခဲ့ပြီး နိုင်ငံပိုင် ပစ္စည်းတွေကို ခိုးယူတဲ့ အရာရှိတွေကို ပြင်းထန်စွာ အပြစ်ပေးဖို့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ညွှန်ကြားခဲ့တာပါ။ 

ထိုင်းနိုင်ငံအတွင်း လက်နက်ကိုင်ဆောင်လိုပါက ထိုင်းပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ခရိုင်ဒေသန္တရအုပ်ချုပ်ရေးရုံးပေါင်း ၉၀၀ ကျော်သို့သွားရောက်လျှောက်ထားနိုင်ပြီး သေနတ်တစ်လက်လျှင် ၅ ဘတ်နှုန်းဖြင့် ၈၆ ရက်ထက်ပိုမကြာပဲ လိုင်စင်လျှောက်ထား နိုင်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးရသူမှာ လူတစ်သိန်းလျှင် ၃.၉၁ ရာခိုင်နှုန်းအထိ သေဆုံးမှုနှုန်းရှိပြီး အာဆီယံနိုင်ငံများအနက် ဖိလစ်ပိုင်ပြီးလျှင် ဒုတိယနေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

Ref:Thai Enquirer

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.