လွိုင်ကော်၊ အောက်တိုဘာ (၅)
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ခရီးသည်တင်လေယာဉ်တစ်စင်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ဝင်ရောက်မွှေနောက်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၃) ရက်နေ့ ညကစပြီး လွိုင်ကော်မြို့ အရှေ့ခြမ်းက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး စစ်ကြောင်းထိုး ဝင်လာတာပါ။
စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေတဲ့ နေရာတွေဟာ ပြည်သူတွေ နေထိုင်နေတဲ့ နေရာတွေဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ လာရောက်တာမရှိဘူးလို့ ဒေသခံက ဆိုပါတယ်။
အဲ့ဒီလွိုင်ကော်မြို့အရှေ့ခြမ်းက ကျေးရွာတွေဟာ မြို့နဲ့ နီးတဲ့အတွက် ကယားပြည်နယ်ရဲ့ တခြားမြို့ ကစစ်ဘေးရှောင်တွေလည်း လာရောက်နေထိုင်နေတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၃၀) ရက်နေ့က ခရီးသည်(၆၃) ဦးတင်ဆောင်လာတဲ့ MNA လေယာဉ် ပစ်ခတ်ခံရပြီးနောက်မှာတော့ လေယာဉ်ဆင်းခဲ့တဲ့ လမ်းကြောင်းတစ်လျှောက် ဒေသတွေမှာ စစ်ကောင်စီက တပ်စွဲတာ အင်အားဖြည့်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ကယားပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၂ သိန်းကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်