မော်လမြိုင် ၊ အောက်တိုဘာ (၂)


နိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်တွေလို့ သတ်မှတ်ခံကြရတဲ့ လူငယ်တွေဟာ မတူကွဲပြား အရောင်စုံလင်တဲ့ အိပ်မက်တွေနဲ့ ဘဝရဲ့ နေ့ရက်တွေကို အားကြိုးမာန်တက် ရင်ဆိုင်ဖြတ်သန်း နေသူတွေပါ။

 
ရည်မှန်းချက်ကိုယ်စီနဲ့ ရှင်သန်နေတဲ့ လူငယ်တွေအဖို့ ကိုယ့်အိမ်မက်တွေကို အကောင်အထည် ဖေါ်ရာမှာ လွယ်ကူခြင်း၊ ခက်ခဲခြင်း စတာတွေဟာ နိုင်ငံရေးခေတ်စနစ်အပေါ် အခြေခံတယ်ဆိုရင် မမှားပါဘူး။ ရေခံမြေခံ ကောင်းမှသာ ပင်စည်ထွားကြိုင်းမယ်ဆိုတဲ့ စကားပုံအတိုင်းပါပဲ။


မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြန်လေ့လာကြည့်ရင် အနီးစပ်ဆုံး ဥပမာအဖြစ် ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းပြီး စစ်တန်းလျားပြန်ပါ့မယ်ဆိုတဲ့ စစ်တပ်ဟာ နှစ် ၂၀ ကျော် နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ ရယူထားခဲ့ပါတယ်။


နိုင်ငံတကာရဲ့ပိတ်ဆို့မှုကိုခံရပြီး အထီးကျန်ဆန်တဲ့ နိုင်ငံအဖြစ်ရပ်တည်ခဲ့ရပါတယ်။ ထိုနည်းတူပါပဲ မြန်မာလူငယ်တွေလည်း ကမ္ဘာ့မျက်နှာစာမှာ မျက်နှာငယ်ခဲ့ကြရပါတယ်။

 
နိုင်ငံကူးလက်မှတ် အနီရောင်ကိုင်ပြီး ပြည်ပထွက်တဲ့လူငယ် အနည်းအကျဉ်းရှိခဲ့ပေမယ့် နိုင်ငံ့အာဏာကို မတရား ရယူထားတဲ့ စစ်တပ်ကြောင့် ဒီအနီရောင်နိုင်ငံကူးလက်မှတ်ဟာ မျက်နှာငယ်စရာ၊ အထင်အမြင်သေးစရာ ဖြစ်ခဲ့ရပါတယ်။


အခုလည်း ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုပါမယ်လို့ဆိုခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းမှုကြောင့် အနှစ်နှစ်အလလက မက်ခဲ့ကြတဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားတဲ့ အနာဂတ်တွေဟာ လေထုထဲ အခိုးအငွေ့တွေလို လွင့်ပြယ် ပျောက်ဆုံးသွားခဲ့ရပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ တိုင်းရင်းသားလူငယ်များ သပိတ်စစ်ကြောင်း


၂၀၂၁ ဖေဖေါ်ဝါရီလမှာ အာဏာသိမ်းပြီးတဲ့နောက် “ကျွန်တော်တို့က လူငယ်တွေပါ ကျွန်တော်တို့မှာ အနာဂတ်ရှိတယ် ကျွန်တော်တို့က လူငယ်တွေပါ ကျွန်တော်တို့မှာ အနာဂတ်ရှိတယ်” လို့ လမ်းမတွေပေါ် ပထမဆုံးထွက်ပေါက်ကွဲခဲ့တာ လူငယ်တွေပါပဲ။


ဒီလူငယ်တွေရဲ့ ဖခင်တွေ၊ ဦးလေးတွေ၊ အမေတွေ၊ အဒေါ်တွေတုန်းက မအောင်မြင်ခဲ့တဲ့ စစ်အာဏာရှင်တော်လှန်ရေး တာဝန်ဟာ Generation Z လို့ခေါ်တဲ့ လူငယ်တွေပုခုံးပေါ် အလိုအလျောက် ရောက်လာခဲ့ပါတယ်။

 
ဒါ့ကြောင့် စစ်အာဏာရှင်စနစ်အောက်မှာ အရာရာဆိတ်သုဉ်းသွားခဲ့ပြီး လွတ်လပ်ခွင့်ကို မက်မောတဲ့ လူငယ်တွေဖို့ လက်တွေ့ဆန်ပြီး အဆင်ပြေနိုင်မယ့် အနာဂတ်ခရီးလမ်းကို ရွေးချယ်လာခဲ့ကြပါတယ်။


“ကျွန်တော်အမြဲတမ်း ပုံတွေပဲ ထိုင်ဆွဲချင်တာ ပုံဆွဲဖို့ လေ့လာတယ်၊ ကိုယ့်ဟာကိုယ် လေ့လာတယ် သင်တန်းတွေတက်တယ် အဲ့ဒီလို လေ့လာနေတဲ့ချိန်မှာ အာဏာသိမ်းတော့ ကျွန်တော့်ရဲ့ အိပ်မက်တွေ အကုန်လုံးကို ရေစုန်မျောခဲ့ရတယ်၊ အကြိမ်ကြိမ်မျှော်မှန်းထားတဲ့ဟာတွေ အကုန်လုံးကို ပစ်ချပြီး တော်လှန်ရေးထဲ ခြေစုံပစ်ဝင်ခဲ့တာ”လို့ ပြောပြပါတယ်။

 

စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ရန်ကုန်လူငယ် သပိတ်


သူဟာ အာဏာမသိမ်းခင်က ဒဿနိက (Philosophy) ဘာသာရပ်ကို သင်ယူလေ့လာနေတဲ့ ပထမနှစ် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကြောင့် ကွာရန်တင်းစင်တာတစ်ခုမှာ စေတနာ့ဝန်ထမ်းလုပ်ရင်း ပုံဆွဲပညာကို အွန်လိုင်းကနေ လေ့လာသင်ယူနေခဲ့ပါတယ်။


အသက် ၂၁ နှစ်အရွယ် ပုံဆွဲဝါဿနာပါတဲ့ ကိုအရှည်ကြီးတစ်ယောက် စစ်အာဏာသိမ်းမှုကြောင့် ခဲတံကိုင်တဲ့ လက်ကနေ သေနတ်ကိုင်တဲ့လက်အဖြစ် ပြောင်းလဲခဲ့ရပြီး လက်နက်ကိုင်တော်လှန်ရေး ထဲရောက်လာသူပါ။

 
လက်ရှိမှာ မွန်ပြည်ကာကွယ်ရေးတပ်၊ မြောက်ပိုင်းဒေသ ဦးစီးကော်မတီမှာ စစ်ဘက်ဆိုင်ရာ ဒုတိယ တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။


လူငယ်အများစုဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသလို အလုပ်အကိုင်နဲ့ ပညာရေးအခွင့်အလမ်းအတွက် နိုင်ငံခြား ထွက်ကြသူတွေလည်း အများအပြား ရှိလာနေပါတယ်။


နိုင်ငံထဲမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုနဲ့ လူငယ်တို့မျှော်လင့်ချက်တွေအတွက် ဘာမှမဖြည့်ဆည်းနိုင်တဲ့ အာဏာရှင်နိုင်ငံမှာ မနေလိုတော့တဲ့ လူငယ်တွေကို ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ နေ့စဉ်တစ်သီတစ်တန်းကြီး တွေ့နိုင်မှာဖြစ်ပါတယ်။


တိုင်းပြည်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ဦးဆောင်ပါဝင်ဖို့ တာစူနေတဲ့ လူငယ်တွေဟာ အာဏာသိမ်းမှုကြောင့် လမ်းပျောက်သွားပြီး နိုင်ငံခြားထွက်ဖို့ ရွေးချယ်လာကြတာလို့ လူငယ်အရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။


“တနည်းမဟုတ်တနည်းတော့ အများစုကတော့ (နိုင်ငံခြား) ထွက်သွားကြတာချည်းပဲ။ တော်တော်များများတော့ ထွက်သွားကြတာမျိုးတွေပေါ့။အဓိက နည်းနည်းလေး အဆင်ပြေတဲ့သူတွေက ကျောင်းကိစ္စနဲ့ သွားကြတယ်။တစ်ချို့ကျတော့ အလုပ်အကိုင် အခွင့်အလမ်းကြောင့် သွားကြတယ်။ အချို့လူတွေကျတော့လည်း ဒီမှာ အဆင်မပြေလို့ သွားကြတာပေါ့။ ရာခိုင်နှုန်းတော်တော်များများတော့ ဒီကာလမှာ ပုံစံမျိုးစုံနဲ့ (နိုင်ငံခြား) သွားနေကြတာ တွေ့ရတယ်”လို့ သူက ဆိုပါတယ်။

 
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ MIR (Myanmar Independent Researcher) ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ထားတဲ့ စစ်တမ်းတွေအရ လက်ရှိ မြန်မာနိုင်ငံရဲ့ အိမ်ထောင်စု ထက်ဝက်ခန့်က မိသားစုဝင်တစ်ဦးဦးဟာ ပြည်ပထွက်ခွာဖို့ ပြင်ဆင်နေတာပါ။

 
MIR အနေနဲ့ ပြည်သူတွေ နိုင်ငံခြားထွက်ခွာဖို့ ပြင်ဆင်မှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ရာ ဖြေဆိုသူ ၄၉ ရာခိုင်နှုန်းဟာ သူတို့ရဲ့ မိသားစုမှာ ပြည်ပနိုင်ငံတစ်ခုခုကို ထွက်ခွာဖို့ ပြင်ဆင်နေသူ (အနည်းဆုံး) တစ်ဦးရှိတယ်လို့ ဖြေဆိုခဲ့ကြတာပါ။


တစ်ဖက်မှာလည်း စစ်အာဏာသိမ်းမှုကြောင့် လူငယ်တွေအနေနဲ့ ပညာရေးအပြင် စားဝတ်နေရေး ခက်ခဲလာတာကြောင့် တိုင်းပြည်ရဲ့ အနာဂတ်ကို ထုဆစ်ပုံဖော်ရမယ့် လူငယ်တွေဟာ တစ်ဘဝလုံးအတိုင်းအတာအထိ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့အတွက် ဂျပန်ဘာသာစကားအရည်အချင်းစစ် လျှောက်လွှာဝယ်ယူဖို့ စောင့်ဆိုင်းနေတဲ့ လူငယ်များ


အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေသူ လူငယ်တစ်ဦးကတော့ ထွက်ပေါက်မရှိတဲ့ အခြေအနေမှာ အခြားလူငယ်တွေလိုမျိုး နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ဖို့ စဉ်းစားလာတယ်လို့ ပြောပါတယ်။

“ကိုယ်တွေလည်း ဒီလက်ရှိအခြေအနေအထိ တောင့်ခံနေတာပေါ့။ဘယ်အချိန်မှာ သူများနိုင်ငံကို သွားပြီးတော့မှ လက်ရှိလုပ်နေတဲ့ အလုပ်နဲ့ မဆိုင်ဘဲ သင်လာတဲ့ ပညာတွေက ကျွန်မတို့ရဲ့ စားဝတ်နေရေးတွေကို တောင့်ခံလို့မရတဲ့ အချိန်တွေမှာ ကျွန်မလည်း သွားချင်သွားရမှာပဲ။ဒါပေမယ့် အဲဒီအချိန်ကျ ဒီကလုပ်နေတဲ့အလုပ် ဟုတ်ချင်မှ ဟုတ်မယ်။ဟိုရောက်ရင် ပန်းကန်ဆေးရမယ်၊ ခွက်ဆေးရင်ဆေး၊ အိမ်သာဆေးရင်ဆေး၊ သန့်ရှင်းရေးလုပ်ရမှာပေါ့လေ။ ဆေးရုံမှာ တောက်တိုမယ်ရ လုပ်ရင်လည်း လုပ်ရမှာပေါ့၊ တောင့်ခံမှုအပေါ် မူတည်တယ်။ကိုယ်တွေလည်း လုံဝထွက်လမ်းမရှိတဲ့ အခြေအနေမှာ လူငယ်တစ်ယောက်အနေနဲ့ စဉ်းစားမိတဲ့ အထဲမှာပါတယ်”လို့ သူက ဆိုပါတယ်။

 
MIR ရဲ့ စစ်တမ်းတွေအရ နိုင်ငံရေးမှာပါဝင်မှုကြောင့် ဖိနှိပ်မှုတွေကို ခံစားရပြီး နေထိုင်ရာနေရာတွေမှာ ရှောင်ဖယ်ရတဲ့အပြင် ပညာဆက်လက် မသင်ယူနိုင်တာတွေလည်း လူငယ်တွေအပေါ် ရိုက်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။


ဒါ့အပြင် စီးပွားရေးကျဆင်းမှုနဲ့ ပိတ်ဆို့မှုတွေကြောင့် ငတ်မွတ်ခေါင်းပါးမှုတွေ မြင့်တက်လာပြီး ဝါသနာပါတဲ့အလုပ်တွေ မဟုတ်ဘဲ ရရာအလုပ်တွေကို ပြောင်းလဲလုပ်ကိုင်လာရတယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အသက်အရွယ်တွေကို လူငယ်အဖြစ် သတ်မှတ်ထားပါတယ်။

 
ဒီလူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်လို့ မှတ်ယူနိုင်ပါတယ်။အနာဂတ်ကို အစပျိုးကြတဲ့ တက်သစ်စလူငယ်တွေဟာ ပျောက်ဆုံးသွားတဲ့ အိပ်မက်တွေကို အလဲထိုးတတ်ကြတဲ့ စိတ်ဆန္ဒတွေ ပြင်းထန်ကြသူတွေပါ။


အသက် ၂၃ နှစ်အရွယ် ဘွဲ့ရလူငယ်တစ်ဦးကတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးတဲ့ အဖွဲ့အစည်းမှာ အလုပ်လုပ်ဖို့ ရည်မှန်းခဲ့ပေမယ့် အာဏာသိမ်းမှုကြောင့် နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ ရွေးချယ်လိုက်ရတယ်လို့ ဆိုပါတယ်။


“ဒီမှာနေလို့ရှိရင်တော့ ညီမတို့က လစာ နှစ်သိန်း/သုံးသိန်းလောက်နဲ့ပဲ ပြီးသွားမယ်။နောက်ပြီးတော့ တိုးတက်လာတာလည်း မရှိတော့ဘူး။အရင်တုန်းကဆိုလို့ ရှိရင် ကုမ္ပဏီတွေကျတော့ အများကြီးရှိတယ်။အခုကျတော့ အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း ရှားပါးလာတယ်။

အဲဒါကြောင့်မို့ နိုင်ငံခြားထွက်တာက ညီမတို့အတွက် အခွင့်အလမ်းတွေ အများကြီးရှိတဲ့အတွက်ကြောင့် ဒီလမ်းကို ရွေးချယ်ခဲ့တာ”လို့ ပြောပါတယ်။

 
MIR က လူငယ်တွေကို ကောက်ယူထားတဲ့ စစ်တမ်းတွေအရ လူငယ်တွေ စိတ်ဝင်စားတဲ့ အလုပ်အကိုင်ရရှိဖို့ အဟန့်အတားဖြစ်စေတဲ့အရာထဲမှာ လက်ရှိ နိုင်ငံရေးအခြေအနေအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုကြောင့်လို့ ဖော်ပြပါတယ်။

ဂျပန်ဘာသာစကားကျွမ်းကျင်မှု စာမေးပွဲ JLPT လျှောက်လွှာဝယ်ယူဖို့ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ မနက်အစောပိုင်းကတည်းက စောင့်ဆိုင်းနေသူများ။


စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းပြည်ဟာ နိုင်ငံရေး၊ပညာရေး၊ စီးပွားရေး၊ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ ချွတ်ခြုံကျလာသလို လူငယ်တွေရဲ့ အခန်းကဏ္ဍကလည်း မှေးမှိန်လာနေပါတယ်။


အာဏာမသိမ်းခင်က ဝင်ငွေရလွယ်တဲ့ အလုပ်တွေမှာ ဝင်လုပ်ရင်း ခေတ်မီပညာရေးတွေ၊ လေ့လာချင်တဲ့ အတတ်ပညာတွေကို သင်ယူနိုင်ပေမယ့် အလုပ်အကိုင်ရှားပါးနေတဲ့ စစ်အာဏာသိမ်းကာလမှာတော့ ပညာရေးတွေ၊ဝါသနာပါရာ သင်တန်းတွေမှာ တက်ရောက်ဖို့ အခွင့်အရေး နည်းပါးလာနေတာပါ။


တစ်ချို့ လူငယ်တွေကတော့ မိသားစု စားဝတ်နေရေးအတွက် ပညာရေးတစ်ပိုင်းတစ်စနဲ့ ရရာအလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်ပြီး ဖြစ်ချင်တဲ့ အိပ်မက်တွေအတွက် အခွင့်မသာခဲ့ရဘူးလို့ လူငယ်တစ်ဦးက ဆိုပါတယ်။


“ကျွန်တော်တို့ဟာ ငယ်တဲ့လူတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ မှာ အနာဂတ်ရှိတယ်ဗျ။ကျွန်တော့်မှာ အိပ်မက်တွေ ရှိတယ်၊ ကျွန်တော် လုပ်ချင်တဲ့အရာတွေ ရှိတယ်။လက်ရှိအနေအထားအရ ကျွန်တော့မှာ အဲဒီအခွင့်အရေးက မဖြစ်နေဘူး”လို့ ပြောပါတယ်။

စစ်အာဏာသိမ်းမှုကို တော်လှန်ဖို့ စစ်ပညာသင်ယူနေတဲ့ လူငယ်များ


အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ လူငယ်တွေရဲ့ ဖြစ်ချင်တဲ့ အိပ်မက်တွေကို ရိုက်ချိုးခဲ့သလို အနာဂတ်ပျောက်အောင်လည်း ဖန်တီးနေတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ နွေဦးတော်လှန်ရေးးမှာ ကျဆုံးခဲ့ရသူ ၂၃၂၆ ဦးထဲက အသက် ၁၈ နှစ်ကနေ ၃၀ နှစ်အတွင်း လူငယ်အရေအတွက်ကို သံလွင်တိုင်းမ်က စိစစ်ကြည့်ရာမှာ လူငယ် ၆၇၅ ဦး ပါဝင်နေတာပါ။


ဒါ့အပြင် အသက် ၁၈ နှစ်ကနေ ၃၀ နှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ လူငယ် ၂၁၃၄ ဦးရှိပြီး ၁၇၅၄ ဦးဟာ လက်ရှိမှာ ဖမ်းဆီးခံထားရဆဲ အခြေအနေ ဖြစ်နေပါတယ်။

စစ်အာဏာသိမ်းမှုကို တော်လှန်ဖို့ စစ်ပညာသင်ယူနေတဲ့ လူငယ်များ


ကိုအရှည်ကြီးကတော့ ပြည်သူတွေကို ကာကွယ်ပေးရမယ့် ရဲနဲ့ စစ်သားတွေက ပြည်သူကို သတ်ဖြတ်တာ၊ အကြမ်းဖက်ဖြိုခွင်းတာတွေဟာ စစ်အာဏာရှင် အဆက်ဆက် လုပ်လာခဲ့တဲ့အတွက် မတရားဖိနှိပ်ခံနေရတဲ့ လူထုကို ကာကွယ်ပေးချင်တဲ့ဆန္ဒကြောင့် လက်နက်ကိုင်ခဲ့တာလို့ ဆိုပါတယ်။


“သမိုင်းအဆက်ဆက် ပြန်ပြီးလေ့လာရင် ဒီလိုမျိုး အာဏာရှင်ကို ကျွန်တော်တို့ကောင်းကောင်းမွန်မွန်တောင်းဆိုလို့ မရဘူးဆိုတာ ကောင်းကောင်း သဘောပေါက်တယ်။အဲဒါကြောင့် လက်နက်ကိုင် လမ်းစဉ်ကို ကျွန်တော် ရွေးချယ်ပြီးတော့ ဒီတော်လှန်ရေးမှာ ပါဝင်ဖြစ်ခဲ့တယ်။ကျွန်တော့်ကို တွန်းအားဖြစ်စေတာတော့ ကျွန်တော့်အတွက်ကြောင့်ရယ် မဟုတ်ဘူး။ ဒီနိုင်ငံရဲ့ အနာဂတ်ကောင်းဖို့ရယ် မတရားဖိနှိပ်ခံရတဲ့ ပြည်သူလူထုကို ကာကွယ်ပေးချင်တဲ့ ဆန္ဒကြောင့် ဒီလမ်းကို လျှောက်ဖြစ်ခဲ့တာ”လို့ ပြောပါတယ်။

 
စစ်အာဏာသိမ်း တစ်နှစ်ခွဲကျော်ကာလအတွင်း ရန်ကုန်မြို့ကြီးအပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးက ပတ်စပိုစ့်ရုံးတွေမှာ လူငယ်တွေ အလဲထိုးလိုက်ရတဲ့ အိပ်မက်တွေအတွက် နိုင်ငံကူးလက်မှတ်ရရှိဖို့ နေ့စဉ်နဲ့အမျှ စောင့်ဆိုင်းတန်းစီနေကြပါတယ်။


လွတ်မြောက်နယ်မြေရောက် Generation Z မျိုးဆက်သစ် လူငယ်တွေကတော့ တိုင်းပြည်အနာဂတ်လှပဖို့အတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးပန်ချီးကားကို အရောင်ဆေးစုံလင်စွာနဲ့ ချယ်သ တိုက်ပွဲဝင်နေကြဆဲပါ။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.