နေပြည်တော် – စက်တင်ဘာ(၂၆)
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဖိတ်ခေါ်မှုနဲ့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆွေးနွေးဖို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA)၊ အမျိုးသားဒီမိုကရက် တစ်မဟာမိတ်အဖွဲ့(NDAA/မိုင်းလား)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တာဝန်ရှိသူတွေ စက်တင်ဘာလ(၂၅) ရက်နေ့က နေပြည်တော်ကို ရောက်ရှိခဲ့တယ်လို့သိရပါတယ်။
“ဝ” တပ်ဖွဲ့ကို ဒုဥက္ကဌဖြစ်သူ ဦးလော့ယာကု၊NDAA အဖွဲ့ကို ဒုဥက္ကဌ ဦးစန်ပေ့နဲ့ SSPP အဖွဲ့ကို ဒုဥက္ကဌ-၂ စပ်ခွန်ဆိုင်တို့က ဦးဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင်နဲ့တွေ့ဆုံမယ့်အခြေအနေနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်အနေနဲ့ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ဆွေးနွေးမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီး မေးမြန်းခွင့်ရဖို့ ကြိုးစား ခဲ့ပေမယ့် အဆက်အသွယ်တော့ မရခဲ့ပါဘူး။
နေပြည်တော်ကိုရောက်ရှိနေတဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံကြမယ်လို့ သိရပြီး ဆွေးနွေးမယ့် အကြောင်းအရာတွေကိုတော့ ကြိုတင်ညှိ နှိုင်းဆွေးနွေးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်းသတင်းမီဒီယာတချို့မှာ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင်နဲ့ မတွေ့ခင်က “ဝ” တပ်ဖွဲ့ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့မှာ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေဖြစ်တဲ့ UWSA၊NDAA၊SSPP နဲ့ ရခိုင့်တပ်တော်(AA)၊ပလောင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ၊မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က ကိုယ်စားလှယ်တချို့ဟာ တွေ့ဆုံဆွေးနွေးတာတွေ လုပ် ဆောင်ခဲ့ကြပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်