စစ်တွေ စက်တင်ဘာ ၂၆

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နာမည်ကျော် အပန်းဖြေစခန်းဖြစ်တဲ့ စစ်တွေပွိုင့်ကမ်းခြေမှာ အသက် ၁၈ နှစ် အရွယ်အမျိုးသမီးငယ်တစ်ဦး ပင်လယ်ထဲသို့ ဒီကနေ့ နံနက်ပိုင်းက ခုန်ချခဲ့ပြီး ညနေပိုင်းအထိရှာမရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

“ခုန်ချသွားတာတော့ သေချာတယ်။ မိုးရာသီကာလလည်းဖြစ်တယ်။အဲဒီနေရာမှာ အဲဒီလိုဖြစ်စဉ်မျိုး’က သိပ်ပြီးအသက်ရှင် စရာ အကြောင်းတော့မရှိတော့ဘူး။ ညနေတောင် စောင်းသွားပြီဆိုတော့ အလောင်းဆိုရင်လည်း ရှာရဖွေရလည်း ခက်လိမ့်မယ်။”လို့ မျက်မြင်တွေ့ရှိလိုက်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အမျိုးသမီးငယ်ဟာ ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီခွဲခန့်မှာ ပွိုင့်အပန်းဖြေ စခန်း အတွင်းရှိ၊ ဗျာလရုပ်တုအနီးက နေ ပင်လယ်ထဲသို့ ခုန်ချသွားခဲ့ခြင်းဖြစ်ပြီး ဖိနပ်နဲ့ ဆုမြတ်လို့ရေးသားထားတဲ့ ထီးတစ်လက်ကျန်နေခဲ့တယ်လို့ ဒေသတွင်း ပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ဆိုပါတယ်။

လက်ရှိမှာ ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး လေကြီး လှိုင်းထန်နေတဲ့ ရာသီဥတုအခြေအနေကြောင့် ရှာဖွေရာမှာအခက်အခဲတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

အခုကာလဟာ အဝေးသင်တက္ကသိုလ်ဖွင့်တဲ့ အချိန်ဖြစ်တာကြောင့် စစ်တွေမြို့မှာ ကျောင်းလာတက်တဲ့ အဝေးသင် ကျောင်းသူ၊ ကျောင်းသားအများစု ရှိနေကြတာလည်းဖြစ်ပါတယ်။

ဒါကြောင့် အခု ဆယ်ကျော်သက်မိန်းကလေးဟာ အဝေးသင်ကျောင်းသား ဟုတ် မဟုတ် သိရှိနိုင်ဖို့ သက်ဆိုင်ရာက စုံစမ်းနေပြီး အဆောင်တွေမှာ ပျောက်ဆုံးနေသူရှိရင် အကြောင်းကြားပေးဖို့လည်း နှိုးဆော်ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.