မော်လမြိုင် ၊ စက်တင်ဘာ (၂၅)
အာဏာသိမ်း စစ်အုပ်စု၏ အကြမ်းဖက်မှု၊ မတရားသတ်ဖြတ်မှု၊ ဖိနှိပ်မှု၊ ဥပဒေမဲ့ အနိုင်ကျင့်မှုများသည် ပြည်သူများကို လမ်းမပေါ် ကြွေးကြော်ဆန္ဒပြပွဲမှသည် လက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲအထိ ပါဝင်လာရန် တွန်းပို့ခဲ့ပေသည်။
စစ်အာဏာသိမ်းမှုနှင့်အတူ ဆုံးရှုံးခဲ့ရသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ပြန်လည်ရရှိရန် လက်နက်ကိုင်တော်လှန်နေသူထဲ၌ အမျိုးသားနည်းတူ အမျိုးသမီးနှင့် LGBT (Lesbian, Gay, Bisexual and Transgender – လိင်စိတ်ခံယူမှုကွဲပြားသူ) လည်း ပါဝင်နေသည်။
အမျိုးသမီးနှင့် LGBT သည် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် မြို့ပြ၊ကျေးလက်များကို စွန့်ခွာ၍ တောခိုကာ အမျိုးသားများနှင့် တန်းတူ ပင်ပန်းဆင်းရဲမှုများစွာကို ကြံ့ကြံ့ခံ တွန်းလှန်ရင်ဆိုင်ခဲ့ကြ၏။
သို့သော်လည်း ၎င်းတို့မှာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအရ ကျား၊မ နှင့် LGBT ဖြစ်တည်မှုအပေါ် အခွင့်အရေးတန်းတူ အရေးတယူ ဆက်ဆံခံရခြင်း မရှိသည့်အပြင် ဖိုဝါဒကြီးစိုးရေးကိုလည်း ရင်ဆိုင်နေရခြင်းပင်။
“ကျွန်တော်တို့က နောက်တန်းမှာ များသောအားဖြင့် နေခဲ့ရတာပေါ့။ ရှေ့တန်းတွေ ထွက်ရမယ်ဆိုရင် နင်တို့က ယောင်္ကျားမဟုတ်ဘူး၊ မိန်းကလေးက မိန်းကလေးပဲ။ အဲဒီလို စကားတွေနဲ့ ခွဲခြားခံရတာပေါ့”ဟု အသက် ၂၆ နှစ်အရွယ် Transgender တစ်ဦးဖြစ်သည့် မိုးသောက်ကြယ် (အမည်လွှဲ)က ပြောသည်။
အာဏာမသိမ်းခင်အချိန်၌ Beauty Salon ဖွင့်၍ ကိုယ်ပိုင်ဝင်ငွေနှင့် ရပ်တည်ခဲ့ဖူးသူ မိုးသောက်ကြယ်သည် တော်လှန်ရေးခရီးတွင် လက်နက်ကိုင်နယ်မြေရှိ စစ်ပညာသင်တန်းသို့ တက်ရောက်စဉ် ကြုံတွေ့ခဲ့ရပုံကို ပြန်ပြောင်း ပြောပြခြင်း ဖြစ်သည်။
မိုးသောကြယ်သည် အာဏာသိမ်း စစ်ကောင်စီ၏ မတရားသည့် လုပ်ရပ်များကို လက်မခံနိုင်တော့၍ ထိုင်း-မြန်မာနယ်စပ်ကို တိမ်းရှောင်လာခဲ့ပြီးနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး- ABSDF ၏ စခန်းတစ်ခုတွင် ၄ လကြာ စစ်သင်တန်း တက်ရောက်ခဲ့သူ ဖြစ်သည်။
ထို့နောက် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ ၊ တပ်ရင်း ၁၂ ပိုင် ကျေးရွာတစ်ရွာက CDM စခန်းတွင် နေထိုင်ကာ နောက်တန်း ထောက်ပို့တပ်သား ရဲဘော်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
မိုးသောက်ကြယ်နည်းတူ အာဏာရှင်စစ်ကောင်စီ၏ အုပ်ချုပ်မှုကို လက်မခံနိုင်ဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သူ လူငယ်ထဲတွင် အသက် ၁၇ နှစ်အရွယ် မိထော်လေး (အမည်လွှဲ) လည်း ပါဝင်သည်။
မိထော်လေးသည် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၁) တွင် ဘဏ္ဍာရှာဖွေရေး တာဝန်ခံတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေ၏။
စစ်ကောင်စီကို တော်လှန်ချင်စိတ်ပြင်းပြမှုကြောင့် လက်နက်ကိုင်နယ်မြေရောက် အမျိုးသမီးများသည် နေထိုင်ရေးနှင့် ကျန်းမာရေးပိုင်းတွင် အမျိုးသားများထက် စိန်ခေါ်မှုကြီးမားစွာ ရင်ဆိုင်ရကြောင်း ၎င်းက ဆိုသည်။
“ဓမ္မတာလာနေတဲ့အချိန်ဆို နွေးနွေးထွေးထွေး နေရတာတွေ၊ ရေနွေးကပ်တာတွေလည်း မရှိဘူး။ မိုးကလည်း ရွာတယ်။ အရင်က ကိုဗစ်ဖြစ်ခဲ့တော့ ရာသီလာတဲ့ချိန်ဆို အရင်ကနဲ့ နှစ်ဆ၊ သုံးဆလောက်ကို ပိုခံစားရတယ်” ဟု မိထော်လေးက ခံစားရသည့်ဝေဒနာကို ပြန်ပြောင်း ပြောပြ၏။
ထိုအခြေအနေထက် ပိုဆိုးသည်မှာ လစဉ်ဓမ္မတာလာချိန်၌ တစ်ကိုယ်ရေ သန့်ရှင်းမှုအတွက် ရေအခက်အခဲ ကြုံရခြင်းပင်။ ရေချိုးသောနေရာကို ရောက်ရန် တစ်မိုင်၊ နှစ်မိုင်ခန့် အကွာအဝေးသို့ သွားရ၏။တစ်ခါတစ်ရံ ဆိုင်ကယ်နှင့် သွားရသဖြင့် ရေပုံမှန် မချိုးရသော ရက်များလည်း ကြုံရကြောင်း မိထော်လေးက ဆိုသည်။
ယင်းအပြင် အင်္ကျီလျှော်ဖွတ်ရာတွင်လည်း ဝတ်ထားသော ယူနီဖောင်းများကိုပါ အကုန်လုံးစုလျှော်ရသောကြောင့် အခက်အခဲပိုဖြစ်ရသည်ဟု ၎င်းက ဆက်ပြော၏။
ထိုအခက်အခဲ စိန်ခေါ်မှုများစွာ ရှိနေသော်လည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၌ အမျိုးသမီးနှင့် LGBT များသည် ဆက်လက်ပါဝင်နေဆဲပင်။
ဖိနှိပ်ခံရနေပေမယ့် အပြုံးမပျက် ပါဝင်လျက်
နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့အထိ သေဆုံးခဲ့သူ အမျိုးသမီး ၂၆၀ ဦးနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ အမျိုးသမီး ၂၅၀၀ ကျော် ရှိသည်။ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ အမျိုးသမီး ကိုးဦးလည်း ရှိနေခဲ့၏။
ထိုနည်းတူ လိင်စိတ်ခံယူမှုကွဲပြားသူ LGBT တစ်ဦးလည်း သေဆုံးခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ကိုးဦး ရှိနေသည်။
ဖော်ပြထားသော ကိန်းဂဏန်းအချက်အလက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများက ဆို၏။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ ပြီးခဲ့သည့် မေ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသော အချက်အလက်များအရ ဆန္ဒထုတ်ဖော်မှုများကြောင့် နိုင်ငံတဝန်း LGBTIQ ၁၇ ဦး သေဆုံးခဲ့ရပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။ထို့အပြင် LGBTIQ ၈၅ ဦးနှင့်အထက်လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ၏။
စစ်ကောင်စီတပ်ဖွဲ့များ လုံခြုံရေးတင်းကြပ်ထားသော နေရာ၌ မြေပြင်သပိတ်အတွင်း အမျိုးသမီးနှင့် LGBT များ ဦးဆောင်သော စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများလည်း ယခုထက်တိုင် သက်ဝင်လှုပ်ရှားနေဆဲပင်။
လက်ရှိကာလတွင် အမျိုးသမီးစစ်သည်တော်၊ အမျိုးသမီးပြောက်ကျားတပ်ဖွဲ့နှင့် အမျိုးသမီး စစ်ရေးနည်းပြများလည်း အလျှိုလျှိုပေါ်ပေါက်လာကာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေမြဲ ဖြစ်သည်။
“တော်လှန်ရေးက အရင် အမျိုးသမီးအရေး၊ကျားမတန်းတူရေးက နောက်ဆိုတဲ့ဟာမျိုး မဟုတ်ဘဲနဲ့ တစ်ပြေးညီသွားရမယ့် အကြောင်းအရာဖြစ်တယ်။တော်လှန်ရေးကိုလည်း လုပ်ရမှာ တစ်ဖက်မှာလည်း ကျွန်မတို့က အမျိုးသမီးအခွင့်အရေးတွေကိုလည်း အလေးထားဆောင်ရွက်ရမယ်”ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) နန်းမို့မို့က ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသမီးနှင့် LGBT များသည် နိုင်ငံသားအခွင့်အရေးများကို ချိုးဖောက်ခံရသည့်အပြင် တစ်ဦးချင်းစီ၏ လူ့အခွင့်အရေးများကို ပိုမိုချိုးဖောက်ခံနေရဆဲ ဖြစ်သည်။ သို့သော်လည်း အမျိုးသမီးနှင့် LGBT များသည် တော်လှန်ရေးတွင် အင်တိုက်အားတိုက် ဆက်လက်ပါဝင်နေသည်။
တော်လှန်ရေးခရီးလမ်းတွင် အမျိုးသမီးနှင့် LGBT များပါဝင်မှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ယခုလို မှတ်ချက်ပြု၏။
“အမျိုးသမီးတွေ၊ LGBT တွေ ပါဝင်လာတဲ့ နိုင်ငံရေးက နိုင်ငံရေးယဉ်ကျေးမှုအရ အဆင့်မြင့်တယ်။ ပိုပြီးတော့မှ ရှေ့တန်း ရောက်လာတာ”ဟု ၎င်းက ပြောသည်။
အမြစ်ဖြတ်ရမယ့် ဖိုဝါဒီ
မြန်မာ့လူမှုအဖွဲ့အစည်းအတွင်း ရှေးရိုးစွဲအတွေးအခေါ်များနှင့် ဓလေ့ထုံးတမ်းများအရ အမျိုးသမီးနှင့် LGBT ၏ အရေးပါမှုအပေါ် ခေတ်အဆက်ဆက်တွင် ကန့်သတ်ချက်များ၊ ဖိနှိပ်မှုများ ပြုလုပ်ခဲ့ကြသည်။
ဘာသာရေး၊ နိုင်ငံရေးစသည့် အခန်းကဏ္ဍများတွင်လည်း ဖိုဝါဒီကြီးစိုးသည့် စနစ်အောက်တွင် အမျိုးသမီးနှင့် LGBT များသည် ငြိမ်ဝပ်ခဲ့ရသလို တန်းတူဆက်ဆံခြင်း မခံခဲ့ရကြောင်း အမျိုးသမီးအရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။
“ကျွန်မတို့ အခုချိန်မှာ တော်လှန်ရမှာက အာဏာရှင် မကဘဲနဲ့ ဖိုဝါဒ၊ကျားမ ဖြစ်တည်မှု၊ လိင်ကွဲပြားမှုအပေါ်မှာ အခြေခံတဲ့ ခွဲခြားဆက်ဆံတဲ့ အမြင်တွေ အယူအဆတွေကိုပါ တစ်ခါတည်း တိုက်ထုတ်တော်လှန်ရမယ့် တော်လှန်ရေး ဖြစ်တယ်” ဟု နန်းမို့မို့က ထောက်ပြသည်။
လူ့အခွင့်အရေးနှင့် တရားမျှတမှု မရှိသည့် အာဏာရှင်စစ်ကောင်စီ အုပ်ချုပ်မှုအောက်တွင် မနေလိုသော အမျိုးသမီးနှင့် LGBT များသည် တော်လှန်ရေးနယ်မြေတွင် စိန်ခေါ်မှုနှင့်အတူ အခက်အခဲများစွာ ရင်ဆိုင်ကြရကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ဆို၏။
LGBT အရေးတက်ကြွလှုပ်ရှားသူ ရဲဘော် ရဲသိန်းကိုက “တောထဲထွက်လာတုန်းကဆိုရင် ကျွန်တော်တို့ကို အခြောက်တွေက သေနတ်တောင် ကိုင်နိုင်ပါ့မလား၊ လုပ်နိုင်ပါ့မလားဆိုတဲ့ အထင်သေး အမြင်သေးတာမျိုးတွေ ရှိခဲ့တယ်” ဟု ကြုံတွေ့ရခဲ့သောအဖြစ်ကို ပြောပြသည်။အခက်အခဲများစွာထဲတွင် ဖိုဝါဒီကြီးစိုးပြီး ခွဲခြားဆက်ဆံမှုကိုပါ စစ်အာဏာရှင်စနစ်နှင့်အတူ ရင်ဆိုင်နေကြရခြင်းပင်။
ဖိုဝါဒသည် အမျိုးသားများ၏ အခန်းကဏ္ဍကို ပိုမို မြှင့်တင်ပေးပြီး အမျိုးသမီးများ၏ လုပ်ဆောင်နိုင်စွမ်းကို ဖယ်ကျဉ်ကာ လူ့အဖွဲ့အစည်းအတွင်း လူအများ ယုံကြည်အောင် ပုံစံခွက်ထဲ သွတ်သွင်းသော စနစ်တစ်ခုဖြစ်သည်။
ဂျန်ဒါသည် လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံးနှင့် ဆက်ဆံသောအခါ စဉ်းစားတွေးခေါ်ပြီး ခွန်အားများကို စီမံခန့်ခွဲသော အရာဖြစ်သောကြောင့် ပတ်ဝန်းကျင်က သတ်မှတ်ပုံဖော်ရာဟု ခေါ်ဆိုကြသည်။
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် စစ်အာဏာရှင်စနစ် လှိုင်းတံပိုးများနှင့်အတူ ဖိုဝါဒီကြီးစိုးမှုကိုလည်း တစ်ပါတည်း တိုက်ထုတ်သွားရန် လိုအပ်ကြောင်း အမျိုးသမီးအရေးနှင့် လူ့အခွင့်အရေးတက်ကြွသူများက တစ်ညီတစ်ညွတ်တည်း ပြောဆိုကြသည်။
ဒေါ်အိသဉ္ဖာမောင်က “စစ်တပ်က အမြဲတမ်း သူ့ရဲ့ သွင်ပြင်လက္ခာဏာကိုက ဖိုဝါဒကြီးစိုးတဲ့ သွင်ပြင်လက္ခာဏာ အမြဲတမ်း ဆောင်တယ်။ ကျွန်မတို့က အာဏာရှင်ကို တိုက်တဲ့နေရာမှာ သူ့ရဲ့ အတွေးအခေါ် အယူအဆတွေကိုပါ တိုက်ဖို့ လိုတယ်” ဟု ထောက်ပြသည်။
တော်လှန်ရေးကာလ ဂျန်ဒါအရေး
ဂျန်ဒါတန်းတူရေးဆိုသည်မှာ အမျိုးသမီးအခွင့်အရေးကို သီးသန့်ပြောဆိုခြင်း မဟုတ်ဘဲ အမျိုးသား၊အမျိုးသမီး အားလုံးနှင့် သက်ဆိုင်သော အရေးကိစ္စဖြစ်၏။
ထို့ကြောင့် မူဝါဒဖော်ဆောင်ရာ၌ဖြစ်စေ ပညာရေး၊ကျန်းမာရေး၊အလုပ်အကိုင်၊ရာထူးများ ရယူသုံးစွဲရာ၌ဖြစ်စေ အမျိုးသား၊အမျိုးသမီး၊LGBTQ ဖြစ်ခြင်းအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတာမျိုး မရှိဘဲ တန်းတူညီမျှ ဆက်ဆံခြင်း ဖြစ်သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီနောက်ဆုံးပတ်တွင် အွန်းလိုင်းဖြင့် ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူညီလာခံမှ ပြင်ဆင်ဖြည့်စွက်ချက်များဖြင့် အတည်ပြုပေးခဲ့သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်ပါ ပြဌာန်းချက်တွင် အမျိုးသမီးအခွင့်အရေးနှင့် ဂျန်ဒါတန်းတူညီမျှမှုဆိုင်ရာ ကော်မရှင်တစ်ခု ဖွဲ့စည်းပေးထား၏။
ယင်းပဋိဉာဉ်တွင် ကျယ်ပြန့်သော အခြေခံလူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ဂျန်ဒါ တန်းတူညီမျှမှု၊ ကလေးသူငယ် အခွင့်အရေးများ၊ လူမျိုး၊ ယုံကြည်မှု၊ ဂျန်ဒါ၊ မသန်စွမ်းနှင့် လိင်စိတ်တိမ်းညွတ်မှုတို့ ပါဝင်သည်။
မည်သည့် လူ့ဘောင်အဖွဲ့အစည်းတွင်မဆို ခွဲခြားဆက်ဆံမှုကို တားမြစ်ခြင်း အပါအဝင် ပိုမိုကျယ်ပြန့်သော အခြေခံ လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို ထည့်သွင်းပေးထားကြောင်း အမျိုးသမီးနှင့် LGBT အရေးလှုပ်ရှားသူများက ဆိုသည်။
“ကျွန်မတို့က လူထုတစ်ရပ်လုံးရဲ့ အသိပညာ နိုင်ငံရေးစိတ်ဆန္ဒတွေကိုလည်း တည်ဆောက်ဖို့ လိုသလို တစ်ဖက်မှာလည်း ကျားမ တန်းတူရေး၊ အမျိုးသမီး အခွင့်အရေးတွေကို တကယ့် မြှင့်တင်ပေးတဲ့ မူဝါဒတွေ ရှိဖို့အတွက်ကို လုပ်ဆောင်ဖို့ လိုပါမယ်” ဟု နန်းမို့မို့က ပြော၏။
စစ်တပ်အာဏာသိမ်းယူပြီးနောက် အတိုက်အခံအဖွဲ့စည်းဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အမျိုးသမီးနှင့် ဂျန်ဒါတန်းတူရေး တစ်စိုက်မတ်မတ်လုပ်ဆောင်နိုင်ရန် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဖွင့်လှစ်ခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းများသို့ သွားရောက်ကာ ဂျန်ဒါတန်းတူရေး ကိစ္စရပ်ကို ပြောဆိုဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က သံလွင်တိုင်းမ်ကို ပြောပြသည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့စည်းထားသည့် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ဂျန်ဒါတန်းတူရေးနှင့် ပတ်သက်၍ စစ်သည်တော်များ လိုက်နာရမည့် ကျင့်ဝတ်များကိုလည်း ထည့်သွင်း ရေးဆွဲခဲ့ကြောင်း ၎င်းက ဆို၏။
မည်သို့ပင်ဖြစ်စေ တရားမျှတမှု ရရှိရေး၊ ဂျန်ဒါ တန်းတူရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် အမျိုးသားနှင့်တန်းတူ ရင်ဘောင်တန်းပြီး အမျိုးသမီးနှင့် LGBT သည် ရဲရဲရင့်ရင့် တိုက်ပွဲဝင်နေကြဆဲ ဖြစ်သည်။
အာဏာရှင်ကို နည်းမျိုးစုံ တိုက်ပွဲဝင် တော်လှန်နေကြသူထဲတွင် အလွှာပေါင်းစုံ ဂျန်ဒါမျိုးစုံ ပါဝင်နေသည့်အတွက် သူတို့ လိုချင်သော အခွင့်အရေးနှင့် ပတ်သက်၍ ရဲဘော် ရဲသိန်းကိုက ယခုလိုပဲ မှတ်ချက်ပြုသည်။
“အာဏာရှင်တော်လှန်တဲ့နေရာမှာ ယောင်္ကျားလေးတွေပဲ တွန်းလှန်နေတာ မဟုတ်ဘူး။ အမျိုးသမီးတွေ၊LGBT တွေလည်း တွန်းလှန်တယ်။အကုန်လုံးက လက်တွဲညီညီ တွန်းလှန်နေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အရေးတော်ပုံအောင်ခဲ့ရင် အခွင့်အရေးကို တန်းတူညီမျှရဖို့ လိုအပ်တယ်”ဟူ၍ပင်။
သံလွင်တိုင်းမ်