လွိုင်ကော်၊ စက်တင်ဘာ (၂၀)

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ပေါ်ကို အာဏာသိမ်း စစ်ကောင်စီတပ်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ပြီး တင်အင်အား တိုးချဲ့တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ခမရ(၄၂၂) တပ်ရင်းအပြင် ဖက်ခုံအခြေစိုက် တပ်ရင်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်းကစပြီး မိုးဗြဲမြို့ပေါ်ကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ပြီး တပ်အင်အား တိုးချဲ့လာတာပါ။

စစ်တပ်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ပြီး တင်အင်အား တိုးချဲ့လာတဲ့အတွက် ဒေသခံတွေဟာ စက်တင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းကစပြီး မြို့ကို စွန့်ပြီး ထွက်ခွာနေကြသလို လက်ရှိအချိန်မှာတော့ မြို့ပေါ်မှာ ဒေသခံ အနည်းငယ်လောက်သာ ကျန်ရှိတော့တာပါ။

အာဏာသိမ်းစစ်တပ်က မြို့ပေါ်မှာရှိတဲ့ အထင်ကရနေရာတွေမှာ အထိုင်ချနေမယ်ဆိုရင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီက လူအင်အားအလုံးအရင်းနဲ့ အချက်ခြာကျတဲ့ ငွေတာင်ဘုရားဘုက်နဲ့ ကက်သလစ် ဘုရားကျောင်းတွေမှာ နေရာယူလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တယ်လို့ သူက ဆိုပါတယ်။

မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ဟာ အခုစက်တင်ဘာလအတွင်း နှစ်ဖက်တိုက်ပွဲတွေ ပြင်ထန်းခဲ့သလို အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က (၆၀) ကျော် သေဆုံးထားပြီး လက်နက်ခဲယမ်းတွေနဲ့ နယ်မြေစွန့်ခွာ ထွက်ပြေးတာတွေလည်း ရှိလာခဲ့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၇) ရက်နေ့ကလည်း လွိုင်ကော်မြို့နယ် ပညားဒေးကျေးရွာမှာ စစ်ကောင်စီ ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သားနှစ်ဦးသေဆုံးထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.