ထားဝယ်၊ စက်တင်ဘာ (၂၀)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်နဲ့လောင်းလုံးမြို့တွေက ဒေသခံလူငယ် ၁၀ ဦးကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရဖြစ်နေတယ်လို့ ဒေခံတွေက ပြောပါတယ်။

ထားဝယ်မြို့ခံတွေဖြစ်တဲ့ ကိုဖြိုးထက်အောင်အပါအဝင် ၅ ဦးကို စစ်ကောင်စီက မသင်္ကာမှုနဲ့ နေအိမ်တွေနဲ့ လမ်းတွေမှာ စက်တင်ဘာ ဒုတိယပတ်က ဖမ်းဆီးခဲ့တာပါ။

လောင်းလုံးမြို့ခံ ၅ ဦးကိုတော့ ပန္ဒလဲရွာနဲ့ မင်းရပ်ရွာလမ်းပိုင်းမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီ တပ်နဲ့ ဗျူစောထီးအဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက် ညနေပိုင်းမှာ ဖမ်းခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဖမ်းထားတဲ့ လူငယ်တွေအနက် ကိုဖြိုးထက်အောင်ကိုတော့ စစ်ကြေားရေးတစ်ခုမှာ စစ်ဆေးနေပြီး ကျန်တဲ့ ၉ ဦးကိုတော့ ဘယ်နေရာကို ဖမ်းဆီးသွားတယ်ဆိုတာ မသိရသလို မိသားစုတွေနဲ့လည်း အဆက်အသွယ်မရဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဖမ်းဆီးခံထားရတဲ့သူတွေရဲ့ လက်ကိုင်ဖုန်းမှာ နိုင်ငံရေးပို့စ်တွေ တင်ထားတာ၊ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရတာရှိသလို အများစုကတော့ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့သူတွေ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မတရားရိုက်နှိက်တာမခံရဖို့နဲ့ ပြန်လည် လွတ်မြောက်လာဖို့ကို မိသားစုဝင်တွေက ဥပဒေရေးရာကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့လည်း ထားဝယ်ဒေသခံတွေက ဆိုပါတယ်။

ထားဝယ်မြို့နဲ့ လောင်းလုံးမြို့တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လုံခြုံရေးတင်းကြပ်ထားတာကြောင့် ပြည်သူတွေအနေနဲ့ အပြင်ထွက်သွားတဲ့အခါမှာ မိမိတို့ရဲ့ လက်ကိုင်ဖုန်းတွေမှာ နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ ပို့စ်တွေ တင်ထားမထား စိစစ်ပြီးမှ အပြင်ထွက်သွားလာကြဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ တော်လှန်ရေး အင်အားစုတွေ သတိပေးထားပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာ အစိုးရယန္တယားပျက်ပြားစေရန် လှုံ့ဆော်တာ၊ ခြိမ်းခြောက်တာ၊ ဝါဒဖြန့်တာတွေကို လူမှုကွန်ယက်မှာ ပြုလုပ်လျက်ရှိတယ်လို့ နေ့စဉ် ဝါဒဖြန့် ဖော်ပြနေပါတယ်။

ဒီလိုလှုံ့ဆော်သူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ၊ နိုင်ငံဆူပူအောင်လှုံ့ဆော်မှု၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မတွေတပ်ပြီး တရားစွဲနေတာကိုလည်း တွေ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စက်တင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီက နိုင်ငံအနှံမှ လူပေါင်း ၁၂,၄၀၀ ကျော်ကို ဆက်လက်ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံအဟောင်းဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.