မော်လမြိုင်၊ စက်တင်ဘာ (၂၀)

စစ်တပ်အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း ငွေကြေးဖောင်းပွမှုနဲ့အတူ မြန်မာငွေတန်းဖို ဆက်လက် ကျဆင်းနေတဲ့အတွက် မွန်ပြည်နယ်မှာ အိမ်ခြံမြေအပေါ် ရင်းနှီးမြှုပ်နှံတာနဲ့ ဝယ်ယူစုဆောင်းတာတွေ ပိုများလာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ ဩဇာခံ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ထိန်းချုပ်ကန့်သတ်ချက်တွေကြောင့် ဒေါ်လာနဲ့ ရွှေဈေးနှုန်း ဆက်တိုက် မြင့်တက်လာတာ၊ ဈေးကွက်မတည်ငြိမ်မှုတွေကြောင့် အိမ်ခြံမြေအပေါ် ဝယ်ယူစုဆောင်းတာနဲ့ ရင်းနှီးမြုပ်နှံတာတွေ ပိုများလာခဲ့တာပါ။

သွင်းကုန်ကဏ္ဍအတွက် မရှိမဖြစ် လိုအပ်နေတဲ့ အမေရိကန်ဒေါ်လာဟာ ဗဟိုဘဏ်က ၂၁၀၀ ကျပ်အဖြစ် ငွေလဲနှုန်းရည်ညွှန်းဈေး သတ်မှတ်ထားပေမယ့် ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာကို ၃၃၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေပြီး အခေါက်ရွှေကလည်း တစ်ကျပ်သား ၂၉ သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်နေတာပါ။

ဒီအခြေအနေတွေကြောင့် ပြည်ပမှာ အလုပ်လုပ်နေသူတွေ၊ ပြည်နယ်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေ၊ ငွေကြေးစုဆောင်းထားသူတွေအနေနဲ့ ဘဏ်တွေမှာ အပ်ငွေမထားဘဲ တန်းဖိုးအလိုက် အိမ်ခြံမြေတွေကို ဝယ်ယူမှု ပိုများလာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။

“ဒေါ်လာဈေးတွေက တက်တယ်၊ရွှေဈေးကလည်း ကယောက်ကယက်ဖြစ်တော့ လူတွေက ရွှေလည်း မထားချင်ဘူး၊ဒေါ်လာကလည်း ထားလို့ မရဘူးဆိုတော့ လူတွေက စုဆောင်းလို့ရတဲ့ ပိုက်ဆံတွေကိုရော နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ရတဲ့ပိုက်ဆံတွေကိုရော အားလုံးက အခု အိမ်ခြံမြေဘက်ကို ရင်းနှီးမြုပ်နှံတာ များတယ်။အခုတော်တော်လေးကို အရောင်းအဝယ် ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဝယ်လိုအား များလာမှုနဲ့အတူ ကျပ်ငွေတန်ဖိုး ကျဆင်းမှုတို့ကြောင့် အိမ်ခြံမြေ ဈေးနှုန်းတွေဟာ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်လာသလို ဈေးနှုန်းကလည်း နှစ်ဆနီးပါး ထပ်မံမြင့်တက်လာတာပါ။

အိမ်ခြံမြေဈေးနှုန်းတွေ ဆက်တိုက် မြင့်တက်နေပေမယ့် ဈေးကွက်အတွင်းမှာ ဝယ်ယူပိုများနေတာကြောင့် အရောင်းအသွယ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ဆိုပါတယ်။

“အရင်က ရွေဈေးတက်သွားတဲ့အပေါ်မှာ သူတို့ က ရွှေဘက်ကိုပဲ အာရုံစိုက်တယ်။ အခုနောက်ပိုင်းကျတော့ ရွှေဈေးနဲ့ ပြန်တွက်ရင်‌ မြေဈေးက ပေါနေတဲ့အခါကျတော့ တော်တော်များများက မြေကွက်ကို ဝယ်ကြပါတယ်။ပွင့်လင်းရာသီမှာလည်း ပိုပြီးတော့ များလာမယ်လို့ ကျွန်တော် ခန့်မှန်းတယ်။အခုဒီရက်ပိုင်းကတော့ အရောင်းအဝယ် တော်တော် ဖြစ်ပါတယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အိမ်ခြံမြေအကျိုးဆောင်တွေအဆိုအရ အာဏာသိမ်းမှု ကယက်ကြောင့် အိမ်ခြံမြေ ဝယ်လိုအား ထပ်မံမြင့်တက်လာနိုင်သလို ဈေးနှုန်းကလည်း ဒီထက် ပိုတက်နိုင်ချေရှိတယ်လို့ ခန့်မှန်းနေကြတာပါ။

မွန်ပြည်နယ်ရဲ့ အိမ်ခြံမြေ ဈေးကွက်မှာတော့ မော်လမြိုင်မြို့အတွင်းက မြိုင်သာယာနဲ့ သီရိမြိုင်ရပ်ကွက်တွေမှာ ပေ ၄၀/၆၀ တစ်ကွက်ကို သိန်း ၅၀၀ ကနေ ၆၀၀ ဝန်းကျင်အထိ ရှိသလို ပေ ၆၀/၈၀ တစ်ကွက်ကိုလည်း သိန်း ၁၀၀၀ ကနေ ၁၅၀၀ ကျပ်အထိ ပေါက်ဈေးရှိလာခဲ့တာပါ။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar ရဲ့ ပြီးခဲ့တဲ့ မေလ တတိယပတ်အတွင်း ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ ဧပြီလအထိလေးလတာအတွင်း အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၃၈ သန်းကျော် ဝင်ရောက်လာခဲ့တယ်လို့ ဆိုထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.