ရန်ကုန်၊ စက်တင်ဘာ (၂၀)

စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သူတို့ဘက်က ပြင်ဆင်ထားတဲ့ တင်ပြချက်တွေကို နားထောင်ခဲ့ရပြီး အသေးစိတ် အပြန်အလှန် ဆွေးနွေးတာတွေ မလုပ်နိုင်ခဲ့ဘူးလို့ KNU/KNLA-PC အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့ထိ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့က သွားရောက် ဆွေးနွေးခဲ့တာပါ။

ကနဦးမှာတော့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် မွန်ပြည်သစ်ပါတီ (NMSP) အပါအဝင် DKBA၊ KNU/KNLA-PC တို့ကို ၅ ရက်တာ တက်ရောက် ဆွေးနွေးဖို့ စစ်ကောင်စီက အကြောင်းကြားခဲ့ပေမယ့် တကယ် လက်တွေ့မှာ ရက်အပြောင်းအလဲကြောင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကသာ တက်ရောက်ဆွေးနွေးခဲ့တာပါ။

အဲဒီဆွေးနွေးပွဲမှာ Bilateral (ပဏာမ အပစ်အခတ် ရပ်စဲရေးစာချုပ်) အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ဇယား ၁ နဲ့ ဇယား ၂ ၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁၊ ၂၊ ၃ နဲ့ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နဲ့ အကောင်အထည်ဖော်မှုကိစ္စရပ်တွေကို စစ်ကောင်စီဘက်က တင်ပြခဲ့တာပါ။

ဒါ့ပေမယ့် ဒီတွေ့ဆုံဆွေးနွေးပွဲမှာ အချိန် ၃ ရက်သာ ရခဲ့တဲ့အတွက် စစ်ကောင်စီ တင်ပြချက်တွေကိုသာ နားထောင်ခဲ့ရပြီး အပြန်အလှန် ဆွေးနွေးတာတွေ မလုပ်နိုင်ခဲ့ဘူးလို့ ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောပါတယ်။

“ဒါ နဂိုတုန်းက စီစဉ်ထားတဲ့အတိုင်းပေါ့လေ။သို့သော်လည်းပဲ ရက်က နည်းသွားတဲ့အခါကျတော့ ကျွန်တော်တို့က အကျေအလည် အပြန်အလှန်ညှိနှိုင်း ဆွေးနွေးတာ မဟုတ်ဘဲ သူတို့ (စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့) ဘက်က ပြင်ဆင်ထားတဲ့ဟာတွေကို ရှင်းပြတယ်။ကျွန်တော်တို့က နားထောင်တယ်။အသေးစိတ်ပြန်လည် ဆွေးနွေးတာတို့ မလုပ်နိုင်ဘူး။အဓိကတော့ သူတို့ဘက်က ပြင်ဆင်ထားတဲ့ အချက်အလက်တွေအပေါ်မှာ အများအားဖြင့် ချပြပြီးတော့ ဆွေးနွေးထားတယ်ဆိုတာကိုတော့ ပြောလို့ရတယ်။အဲဒီကိစ္စကို ကျွန်တော်တို့ နှစ်ရက်တာပဲ ဆွေးနွေးဖြစ်တယ်”လို့ သူက ပြောပါတယ်။

နောက်ဆုံးရက်မှာတော့ တစ်ဖွဲ့ချင်းစီနဲ့ သက်ဆိုင်တဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်တွေ၊ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူထားတဲ့ အချက်အလက် တချို့ကို သဘောတူ လက်မှတ်ရေးထိုးခဲ့တာပါ။

ဒါပေမယ့် ဒီဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီက ရက်အပြောင်းအလဲဖြစ်ပေါ်တာအပြင် အဖွဲ့အစည်းအတွင်း လုံလောက်တဲ့ ပြင်ဆင်မှုတွေ မလုပ်ဆောင်နိုင်တဲ့အတွက်ကြောင့် မတက်ရောက်တာလို့ ဗိုလ်မှူးကြီး စောကျော်ညွှန့်က ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကရင် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ DKBA၊ KNU/KNLA-PC ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(AL P)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့က တွေ့ဆုံဆွေးနွေးထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.