စစ်တွေ၊ စက်တင်ဘာ (၁၅)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ရှိတဲ့ တပ်စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် (AA) သိမ်းယူခဲ့ပြီးနောက် တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေ ပြန်လည်ရရှိဖို့ ရဟတ်ယာဉ်နဲ့တိုက်လေယာဉ်တွေ သုံးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အထိ ကျူးကျော်ဝင်ရောက်လာတာနဲ့ လက်နက်ကြီး ကျရောက်မှုတို့ကြောင့် ၃ ကြိမ်အထိ သတိပေးတာ ခံထားရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ ည ၂ နာရီလောက်မှာလည်း မောင်တောမြို့နယ် မြောက်ပိုင်း၊တမန်းသားကျေးရွာအနီးရှိ တောင်တန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တိုက်လေယာယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း တိုက်ပွဲ မရှိဘဲ လေကြောင်းတိုက်ခိုက်တာ၊ ညပိုင်း လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်နေတဲ့အတွက် ဘေးလွတ်မယ့် နေရာတွေကို တိမ်းရှောင်နေရပြီး စိုးရိမ်ထိတ်လန့်မှု ပိုမို မြင့်တက်လာတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာတွေမှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ လုံခြုံရေးအကြောင်းပြပြီး လမ်းပိတ်ဆို့ တာတွေ လုပ်ဆောင်လာနေတဲ့အတွက် သွားရေးလာရေးအပြင် စားသောက်ရေးပါ အခက်ကြုံလာရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

နှစ်နှစ်နီးပါး တိုက်ပွဲတွေ ငြိမ်သက်နေပြီး အပြန်အလှန်ပစ်ခတ်တာတွေ မရှိခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တို့ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့ကစပြီး တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တာပါ။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်မြောက်မိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား စစ်ရေးတင်းမာနေပြီး ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့တုန်းက ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်ကောင်စီရဲ့ မိုင်တိုင် (၄၀) နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ထားတာပါ။

အလားတူ စက်တင်ဘာ ၁၀ ရက်နေ့မှာလည်း မောင်တောမြို့နယ်မြောက်ပိုင်း၊ ဂုတ်ပီကျော်လမ်း(ပဲရွမ်းတောင်) က စစ်ကောင်စီ ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်တပ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.