ထားဝယ် ၊ စက်တင်ဘာ (၃)တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်မှာ အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကစပြီး ညတိုင်းဧည့်စာရင်း ဝင်ရောက်စစ်လာသလို အကြောင်းမဲ့ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် အုပ်ချုပ်ရေးအဖွဲ့တွေက ထားဝယ်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဆန်းချီ၊ ပုံကျွန်း၊ ဥသာရံ၊ မြောင်းပုလဲ၊ တလိုင်းမ၊ တလိုင်းထိန်၊ သင်္ဘောဆိပ်ရပ်ကွက်တွေအပါအဝင် မြို့ပေါ်ရပ်ကွက်အများစုမှာ အင်အား အလုံးအရင်းနဲ့ ဧည့်စာရင်း ဝင်ရောက် စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဧည့်စာရင်း ဝင်ရောက် စစ်ဆေးရာမှာ ဧည့်စာရင်းမတိုင်ဘဲ နေထိုင်တာ၊ ဖုန်းထဲမှာ နိုင်ငံရေးကိစ္စတွေ့တာ၊ နိုင်ငံရေးသတင်းကြည့်တာစတဲ့ အကြောင်းမဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးတာတွေ ရှိလာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဧည့်စာရင်း ဝင်ရောက်စစ်ဆေးရာမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းအတွင်း ဆဲဆိုကြိမ်းမောင်းတာ၊မထင်ရင် မထင်သလို သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဧည့်စာရင်း ဝင်ရောက် စစ်ဆေးပြီးနောက် ဒေသခံ ၃၀ ထက်မနည်း ဖမ်းဆီးထားသလို တချို့ကတော့ ငွေကြေးပေးဆောင်ရပြီး ခံဝန်လက်မှတ်ကြောင့် ပြန်လွှတ်ပေမယ့် အများစုက ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။

ဒေသခံတွေအအဆိုအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခံဝန်လက်မှတ်ရေးထိုးပြီး ပြန်လွှတ်လာသူတွေဆီကနေ တစ်ဦးကို ငွေကျပ် ၁၀ သိန်းကနေ သိန်း ၅၀ လောက်ထိ တောင်းခံတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီးထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ ၁၀၀၀ ထက်မနည်း ရှိနေတာ ဖြစ်ပြီး အဲဒီထဲက ၅၀၀ နီးပါးကို စစ်ကောင်စီက ထောင်ဒဏ်ပြစ်ဒဏ်အသီးသီး ချမှတ်ထားပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.