ဒီမော့ဆို ၊ စက်တင်ဘာ (၃)
ကရင်နီပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဒီနှစ် သြဂုတ် ၃၁ ရက်နေ့ထိ ၁၉ လတာကာအတွင်း အရပ်သားပြည်သူ ၃၂၂ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။
သေဆုံးခဲ့တဲ့ အရပ်သား ၃၂၂ ဦးမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်ခံရသူ ၂၁၆ ဦး ပါဝင်သလို စစ်ဘေးရှောင်ရင်း သေဆုံးခဲ့သူ ၆၁ ဦးပါဝင်တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ဘေးရှောင်ရင်း သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၆၁ ဦးမှာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အများစု ပါဝင်နေတာပြီး ဆေးဝါးနဲ့ အစားအသောက်ပြတ်လပ်မှုတွေကြောင့် သေဆုံးရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်ဘေးရှောင်အရေးကူညီနေသူ တစ်ဦးကလည်း ကရင်နီပြည်နယ်က စစ်ရှောင်ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုတွေကို အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
PKPF ရဲ့ ထုတ်ပြန်ချက်အရ နှစ်ဖက်တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၅၁ ဦးကျဆုံးထားပြီး စစ်တပ်ဘက်က ၁၄၉၉ ဦးသေဆုံးထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘာသာရေးအဆောက်အအုံ ၂၅ လုံး၊လူနေအိမ် ၁၁၈၀ ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားသလို ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲပေါင်း ၄၅၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကေင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၅၈ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းမှုပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၂ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်