စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “တမူးမြို့နယ်မှာ အကြမ်းဖက် NUG လက်ပါးစေများက ခရီးသွားပြည်သူများအား ဓားပြတိုက်နေ”ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သြဂုတ်လ ၃၀ရက်မှာ Myanmar News ဖေ့ဘွတ်စ် စာမျက်နှာက စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ရေးသားဖြန့်ဝေမှုမှာတော့ စစ်ကိုင်းတိုင်၊ တမူးမြို့နယ်၊ တမူး- အောင်ဇေယျ ကားလမ်းပိုင်းမှာ NUG လက်ပါးစေအုပ်စုက ခရီးသွားပြည်သူတွေဆီကနေ ဓားပြတိုက်နေကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။

ခရီးသွားကား အများအပြားဆီကနေ ဓားပြတိုက်ယူဆောင်သွားတဲ့ငွေဟာ သိန်း ၈၀၀ နီးပါးရှိတယ် ဆိုပြီး ဓာတ်ပုံအချို့နဲ့အတူ ဖော်ပြခဲ့တာပါ။

ဒါကို စစ်တပ်ထောက်ခံသူတွေလည်း ထပ်ဆင့်ဖြန့်ဝေနေတာ တွေ့ရပါတယ်။

သတင်းမှားဖြန့်ဝေနေတဲ့ စစ်တပ်ထောက်ခံသူ အကောင့်တွေနဲ့ တယ်လီဂရမ် ချန်နယ်လင့်တွေကတော့- shorturl.at/bqru0

အဆိုပါ အကြောင်းအရာကို သံလွင်တိုင်းမ်မှ စိစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး စစ်တပ်ထောက်ခံသူတွေက ဝါဒဖြန့်ဝေနေတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဖြစ်စဥ်အမှန်ကတော့ ဩဂုတ် ၂၈ ရက်နေ့မှာပြည်သူ့ကာကွယ်ရေးတပ်မတော် (တမူးမြို့)တပ်ရင်း(၁)မှ တပ်ဖွဲ့ဝင်တွေက တမူး-အောင်ဇေယျ ကားလမ်းပိုင်းမှာ လိုင်းကားတစ်စီးကို ရပ်တန့်စစ်ဆေးရာ မသင်္ကါဖွယ်ရာကုန်ပစ္စည်းများနှင့် ငွေကျပ်အမြောက်အများကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ တမူးPDFတပ်ရင်း(၁)က ထုတ်ပြန်ပါတယ်။

လိုင်းကားယာဥ်မောင်းနှင့်ယာဥ်ကိုအသေးစိတ်စစ်ဆေးခဲ့ပြီးနောက် ယာဥ်ပေါ်ပါ ကုန်ပစ္စည်းများနဲ့ ငွေကြေးဟာ ပြည်သူလူထုပိုင် ကုန်ပစ္စည်းနဲ့ ငွေကြေးဖြစ်တာကို စိစစ်တွေ့ရတယ်လို့ တမူးPDFတပ်ရင်း(၁)ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါကြောင့် မူလငွေပိုင်ရှင်များထံ စာရင်းများနှင့်တကွ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ တမူးPDFတပ်ရင်း(၁)က ထုတ်ပြန်ထားပါတယ်။

တမူးမြို့ – တပ်ရင်း(၁) ထုတ်ပြန်ချက် – shorturl.at/zKMP9

ဒါ့ကြောင့် စစ်တပ်ထောက်ခံသူတွေဖြန့်ဝေနေတဲ့ ”တမူးမြို့နယ်မှာ အကြမ်းဖက် NUG လက်ပါးစေများက ခရီးသွားပြည်သူများအား ဓားပြတိုက်နေ“ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေရဲ့ ဝါဒဖြန့် သတင်းသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.