မြိတ် ၊ သြဂုတ် (၃၁)
တနင်္သာရီတိုင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှ ဒေသခံနှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဩဂုတ်လ ၃၀ ရက်မှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကျွန်းစုမြို့နယ်နေ ကိုတင်ထွန်းဝင်းနဲ့ မြိတ်တောင်ကျေးရွာအုပ်စုနေ ကိုမင်းငယ်ဆိုသူတွေဖြစ်တယ်လို့ဆိုပါတယ်။
ကိုတင်ထွန်းဝင်းဟာ မြိတ်မြို့ ကန်ခေါင်းရပ်ကွက်က တည်းခိုခန်းတစ်ခုမှာ တည်းခိုနေစဉ် အဖမ်းခံရတာဖြစ်ပြီး ကိုမင်းငယ်ကတော့ ကိုတင်ထွန်းဝင်းရဲ့ ထွက်ဆိုချက်ကြောင့် ဆက်စပ်သူအနေနဲ့ အဖမ်းခံရတာလို့ဆိုပါတယ်။
သူတို့ နှစ်ဦးလုံးမှာ ပစ္စတိုတစ်လက်စီနဲ့ ကျည်ဆံနဲ့ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူနှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်ကြောင်းနဲ့ လက်နက်ထောက်ပို့ ပြုလုပ်နေကြတယ်လို့ စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ယက်စာမျက်နှာတွေက ရေးသားဖော်ပြနေကြပေမယ့် သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်