သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု စွပ်စွဲချက်နဲ့ သေဒဏ်ကျခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ထိုင်းဘုရင်က လွတ်ငြိမ်းခွင့် ပေးလိုက်တယ်ဆိုတဲ့ သတင်းကို စိစစ်သွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းဟာ သြဂုတ်၂၈ရက်နေ့ကစတင်ပြီး လူမှုကွန်ရက်တွေမှာ ပျံနှံ့ခဲ့တာ ဖြစ်ပါတယ်။

ပိုစ့်အချို့ကိုတော့ ရခိုင်ဘာသာနဲ့ ရေးသားထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ အသနားခံစာများကြောင့် ထိုင်းဘုရင်က လူသားချင်းစာနာထောက်ထားပြီး အမှုကို ရုတ်သိမ်းပေးလိုက်တာ ဖြစ်တဲ့အကြောင်းနဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နစ်နာမှုအတွက် နစ်နာကြေး ဒေါ်လာ ၂ သန်းကိုလည်း ထိုင်းအစိုးရက ပေးမယ့်အကြောင်း ဓာတ်ပုံများနဲ့တကွ ရေးသားဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ ရေးသားမှုကိုပဲ ထပ်ဆင့်ကူးယူ ဖော်ပြသူ အမြောက်အများ ရှိခဲ့ပါတယ်။

သတင်းမှားဖြန့်ဝေနေတဲ့ စစ်တပ်ထောက်ခံသူ ဖေ့ဘုတ်အကောင့် တွေနဲ့ တယ်လီဂရမ် ချန်နယ်လင့်တွေကို အောက်ပါမှာ လင့်တွေမှာ ဖော်ပြထားပေးပါတယ်။

https://bit.ly/3e0I488https://bit.ly/3e5QESXhttps://bit.ly/3ATZgoGhttps://bit.ly/3e0Ibk4https://bit.ly/3wDlZD8

အဆိုပါ အကြောင်းအရာကို သံလွင်တိုင်းမ်မှ စိစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး သတင်းမှား ဖြန့်နေတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဒီသတင်းဟာ သတင်းအမှားတခုသာ ဖြစ်ကြောင်း မြန်မာရွေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူ ဦးထူးချစ်က လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားရှင်းလင်းထားတာကို တွေ့ရှိရပါတယ်။

အကယ်၍ လွတ်မြောက်မည်ဆိုပါက၊ အစိုးရများအနေနှင့် စနစ်တကျ၊ သတင်းထုတ်ပြန် လိမ့်မည်လို့လည်း ဦးထူးချစ်က ဆိုပါတယ်။

သြဂုတ် ၁၃ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ထိုင်းနိုင်ငံဘုရင်မင်းမြတ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ “ဝင်းနှင့်ဇော်” တို့ အနေနှင့် အကျိုးခံစားခွင့် ရရှိသည်/မရှိရှိသည်ကို ရှင်းလင်းစွာမသိရသေးဟုလည်း ဦးထူးချစ်က ဆိုပါတယ်။

ဦးထူးချစ်ရဲ့ ဖေါ်ပြချက် –

https://bit.ly/3cuggbY

ဒါ့အပြင် ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ထောင်ဒဏ် တသက်တကျွန်း ကျခံနေရသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ မပါဝင်ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြထားပါတယ်။

၄င်းတို့နှစ်ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရတာ (၈)နှစ် မပြည့်သေးတာကြောင့် ယခု လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျုံးမဝင်သေးဘူးလို့ ဆိုပါတယ်။

ဧရာဝတီသတင်းဌာနရဲ့ ဖော်ပြမှုကို အောက်ပါလင့်မှာ ကြည့်နိုင်ပါတယ်။

shorturl.at/ij289

ဒီအချက်တွေကြောင့် ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ပြန်လွှတ်ပေးလိုက်ပြီ၊ ထိုင်းအစိုးရက နစ်နာကြေး ဒေါ်လာ ၂ သန်းပေးတယ် စတဲ့ ဖော်ပြချက်တွေဟာ သတင်းအမှားသာဖြစ်ကြောင်း ဖေါ်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.