မွန်ပြည်နယ်တဝန်းမှာ မိုးအဆက်မပြတ် ရွာသွန်းတာနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ထိခိုက်ပျက်စီးမှု အပါအဝင် ရေဘေးသင့်ပြည်သူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်သတင်းဌာနက သြဂုတ် ၁၆ ရက်နေ့ ည ၉ နာရီအချိန်ထိ နောက်ဆုံး ရရှိထားတဲ့ အချက်အလက်တွေ စုစည်းဖော်ပြပေးလိုက်ပါတယ်။

မော်လမြိုင်မြို့နယ်မော်လမြိုင်မြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ သာယာအေး၊ သီရိမြိုင်၊ ဇေယျာမြိုင်၊ ရွှေပြည်အေး၊ ဇေယျာသီရိနဲ့ တောင်ဝိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရေကြီးရေလျှံတာကြောင့် မော်လမြိုင်ရဲ့ ဖက်ခင်းကားလမ်းမကြီးနဲ့ လမ်းတချို့မှာ ကားလမ်းရေကျော်တာတွေ ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီထဲမှာတော့ တောင်ဝိုင်းနဲ့ရွှေပြည်အေးရပ်ကွက်က အိမ်ထောင်စု ၆၀ ၊ လူဦးရေ ၂၀၀ နီးပါးကို သက်ဆိုင်ရာ ဓမ္မာရုံတွေနဲ့ မူလတန်းကျောင်းတွေမှာ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြီး စောင့်ရှောက်ထားရပါတယ်။

ရေဘေးသင့်ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေက ကူညီလှူဒါန်းတာတွေ လုပ်ဆောင်ပေးနေပါတယ်။ ဒါပေမယ့် မော်လမြိုင်ရဲ့ သဘာဝဘေး ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရပါဘူး။

ချောင်းဆုံမြို့နယ်ချောင်းဆုံမြို့နယ်၊ ကလော့ကျေးရွာအုပ်စု၊ အပြိုင်းကျေးရွာမှာ သြဂုတ် ၁၆ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အဲဒီထဲက နေအိမ်တစ်လုံးကတော့ ပြိုကျပျက်စီးသွားတာပါ။

လေဘေးကြုံရတဲ့ပြည်သူတွေကိုတော့ မီးသတ်တပ်ဖွဲ့အပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ လူမှုကယ်ဆယ်ရေးအသင်းတွေက အပြိုင်းကျေးရွာမှာရှိတဲ့ ရွာလယ်ဓမ္မာရုံမှာ ယာယီကယ်ဆယ်ရေးစခန်းဖွင့်ပြီး စောင့်ရှောက်ထားပါတယ်။

အပြိုင်းကျေးရွာမှာပဲ တောင်မြေပြိုမှု ဖြစ်ပွားခဲ့တာကြောင့် လူူထိခိုက်ဒဏ်ရာတာ မရှိပေမယ့် အဆောက်အဦး တချို့ ထိခိုက်ပျက်စီးခဲ့တာပါ။ဒါ့အပြင် ချောင်းဆုံမြို့၊ ရပ်ကွက်အချို့မှာလည်း မိုးရွာသွန်းတာကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး နေအိမ်တွေအတွင်း ရေဝင်ရောက်တာတွေ ရှိခဲ့ပါတယ်။

မုဒုံမြို့နယ်မုဒုံမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းပြီးနောက် ရေကြီးရေလျှံတာကြောင့် အိမ်ထောင်စု ၇၀ လောက်ကို သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာရှိ ဓမ္မာရုံတွေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ အရေးပေါ် ရွှေ့ပြောင်းထားရပါတယ်။

မိုးသက်လေပြင်းကျရောက်မှုကြောင့် မုဒုံမြို့ပေါ် နေအိမ်တွေ အပါအဝင် ဆိုင်ခန်း ၆ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တာပါ။

ဒါ့အပြင် ရေကြီးရေလျှံတာကြောင့် မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း လမ်းရေကျော်မှု ဖြစ်ပေါ်ခဲ့ပြီး မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်တာတွေ ရှိခဲ့တာပါ။

မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်ပေမယ့် ပြည်သူတချို့ကတော့ နေအိမ် အထက်မြင့်ပိုင်းမှာ ရွှေ့ပြောင်းနေထိုင်နေတာပါ။

ပေါင်မြို့နယ်ပေါင်မြို့နယ်မှာတော့ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံတာကြောင့် ဇင်းကျိုက်မြို့ရှိ မော်လမြိုင်- ရန်ကုန်ကားလမ်း ရေကျော်မှု ဖြစ်ပေါ်ခဲ့ပြီး ဆိုင်ကယ်အပါအဝင် ကားငယ်တချို့ ဖြတ်သန်းသွားလာလို့ မရတဲ့ အခြေအနေနဲ့ ကြုံခဲ့ရတာပါ။

ဒါပေမယ့် ည ၈ နာရီခွဲလောက်ကစပြီး ရေအနည်းငယ် ပြန်လည် ကျဆင်းလာတာကြောင့် ယာဉ်ငယ်တချို့ ဖြတ်သန်းသွားလာလို့ ရသွားပြီး ဖြစ်ပါတယ်။

လေဆင်းနှာမောင်းတိုက်ခတ်မှုကြောင့် ပေါင်မြို့နယ် အလှပ်ကျေးရွာအုပ်စုမှာ ကျေးလက်ဆေးပေးခန်းနဲ့ နေအိမ် ၁၀ လုံးနီးပါး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါပေမယ့် အလှပ်ကျေးရွာအုပ်စုလမ်းပိုင်း ရေနစ်မြှုုပ်နေတာကြောင့် ကူညီကယ်ဆယ်တာတွေ လုပ်ဖို့ အခက်ကြုံနေတာပါ။

ကျိုက်မရောမြို့နယ်ကျိုက်မရောမြို့နယ်မှာလည်း ရေကြီးရေလျှံတာကြောင့် ဦးလေးကျေးရွာက ဒေသခံ ၂၀၀ ကျော်ဟာ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေနဲ့ ဘေးလွတ်ရာ နေရာတွေကို အရေးပေါ် ရွှေ့ပြောင်းထားရပါတယ်။

ဒါ့အပြင် ရေကြီးနစ်မြှုုပ်နေတဲ့ ကျိုက်မရောမြို့၊ အောင်သုခရပ်ကွက် ၊ ကျောက်တောင်က အိမ်ထောင်စု ၁၀ စု၊ လူဦးရေ ၄၀ လောက်ကိုလည်း ရန်မျိုးအောင်ရပ်ကွက်က ရသေ့ကျောင်းဘုန်းကြီးကျောင်းမှာ ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပြီး စောင့်ရှောက်ထားရပါတယ်။

အခုရရှိထားတဲ့ အချက်အလက်တွေဟာ သံလွင်တိုင်းမ်သတင်းဌာနက လက်လှမ်းမှီသလောက် ပြုစုထားတဲ့ အချက်အလက်တွေ ဖြစ်တာကြောင့် စာဖတ်ပရိသတ်တွေအနေနဲ့ မိမိပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ သဘာဝဘေးနဲ့ လိုအပ်နေတဲ့ အကူအညီတွေကို comment မှာ သဘောထားမှတ်ချက်နဲ့ မြေပြင်အခြေအနေတွေကို ပြောပြပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.