မြိတ် ၊ သြဂုတ် (၁၇)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်လေကွင်းအနီးမှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူစစ်အဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၁ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သြဂုတ် ၁၆ ရက်နေ့ မနက် ၆ နာရီလောက်က စစ်ကောင်စီ လက်အောက်ခံ ပြည်သူစစ်အဖွဲ့ဝင် ၁၀ ဦး လိုက်ပါ စီးနင်းလာတဲ့ အိမ်စီးကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းအရ ကြိုတင် စောင့်ဆိုင်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူစစ်အဖွဲ့ဝင် တစ်ဦး နေရာမှာပဲ သေဆုံးခဲ့ပြီး နောက်ထပ် အဖွဲ့ဝင် ၅ ဦးကတော့ ပြင်းထန်ဒဏ်ရာရတွေ ရရှိခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို စစ်ကောင်စီက မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းအဖွဲ့တွေက နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြိတ်မြို့အဝင်အထွက် နေရာတွေနဲ့ မြို့ပေါ်ရပ်ကွက် လမ်းတချို့မှာ ပိတ်ဆို့ ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.