ထားဝယ်-ဩဂုတ်(၆)

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီး(၁၇) လအတွင်း တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင် ရေးလှုပ်ရှားမှုအဖြစ် အကြိမ်(၃၉၆၇) ကြိမ်ရှိခဲ့တယ်လို့ Southern Monitor က သတင်းထုတ်ပြန် ထားပါတယ်။

အဲ့ဒီထဲမှာ အကြမ်းမဖက်လူထုလှုပ်ရှားမှုဟာ (၃၄၇၄) ကြိမ်ရှိပြီး လက်နက်ကိုင်အကြမ်းဖက်ကဋိပက္ခ ဖြစ်စဉ် (၄၉၃) ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းမဖက်လူထုလှုပ်ရှားမှုအားအကောင်းကာလဟာ ၂၀၂၁ ခုနှစ်မတ်လကနေ ဇူလိုင်လ အထိ (၅) လတာ ကာလဖြစ်ပြီး လက်နက်ကိုင်အကြမ်းဖက်ပဋိပက္ခ ဖြစ်စဉ်တွေကတော့ ၂၀၂၁ ခုနှစ် ဇွန်လ လောက်ကနေ ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ဖြစ်စဉ်(၆၉) ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

လက်နက်ကိုင် ဖြစ်စဉ်အများစုဟာ ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်အတွင်းက မြို့နယ်တွေမှာ အများဆုံး ဖြစ်ပွားခဲ့တာဖြစ်ပြီး ကော့သောင်းခရိုင်မှာ ဖြစ်စဉ်အရေအတွက် နည်းပါးတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက နေ ၂၀၂၂ ခုနှစ်ဇူလိုင်လအထိ (၁၇) လအတွင်း လက်နက်ကိုင်တိုက်ပွဲ(၁၃၃) ကြိမ်၊ဗုံးကွဲတာနဲ့ မိုင်းဆွဲတိုက်ခိုက်မှု(၂၁၉) ကြိမ်၊ လုပ်ကြံသတ်ဖြတ်မှုနဲ့ အရပ်သားသေဆုံးမှုဖြစ်စဉ်(၁၄၁) ကြိမ်နဲ့ အကြမ်းဖက် ပဋိပက္ခဖြစ်စဉ်ပေါင်း (၄၉၃) ကြိမ်ဖြစ်ပွားခဲ့တာပါ။

စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှု အဖြစ် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ထားဝယ်မြို့နယ်မှာ (၇၆၆)ကြိမ်၊ရေဖြူမြို့နယ်မှာ (၃၂၆) ကြိမ်၊ လောင်းလုံမြို့နယ်မှာ (၁၇၁၃) ကြိမ်၊သရက်ချောင်းမြို့နယ်မှာ (၄၂၆) ကြိမ် မြိတ်မြို့မှာ (၁၁၉) ကြိမ်၊ ကျွန်းစုမြို့မှာ(၇) ကြိမ်၊ပုလောမြို့နယ်မှာ၊(၁၆) ကြိမ်၊တနင်္သာရီမြို့နယ်မှာ (၃၁) ကြိမ်နဲ့ ကော့သောင်းမြို့မှာ (၅၈) ကြိမ်ရှိခဲ့ပြီ စုစုပေါင်း (၃၄၇၄) ကြိမ်ရှိခဲ့ပါတယ်။

အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေဟာ လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်တာ၊ လူမြင်ကွင်းနဲ့ ဝေးတဲ့ နေရာတွေမှာ အဖွဲ့လိုက်ဆန္ဒထုတ်ဖော်မှုတွေ၊ ညသပိတ်နဲ့ ဆုတောင်းပွဲတွေ၊အသံတိတ်သပိတ် တွေ၊ သံပုံးတီးသပိတ်၊ပိုစတာတွေ၊ သင်္ကေတတွေဆိုင်းဘုတ်တွေအသုံးပြုပြီး ဆန္ဒထုတ်ဖော်တာ တွေနဲ့ အွန်လိုင်းကမ်းပိန်းတွေပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

စာရင်းပြုစုထားတဲ့အချက်အလက်တွေဟာ လက်လှမ်းမီသလောက် ပြုစု ထားတဲ့အချက် အလက်တွေဖြစ်ပြီး မြေပြင်မှာ အခုထက်ပိုများနိုင်တယ်လို့ ဆိုထားပါတယ်။

Southern Monitor အဖွဲ့ဟာတနင်္သာရီတိုင်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူမှုစီးပွားရေး ၊ပဋိပက္ခအခြေအနေတွ၊စစ်ဘေးရှောင်ပြည် သူတွေအရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်တွေကို သုတေသနပြုလုပ်နေတဲ့ လွတ်လပ်တဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Southern Monitor

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.