လန်ဒန် ၊ ဇူလိုင် (၅)

စကော့တလန်အစိုးရက လာမည့်နှစ်မှာ ဆန္ဒခံယူပွဲကျင်းပရန် အစီအစဉ်များချမှတ်ပြီးနောက် ရက်ပိုင်းအကြာမှာ စကော့တလန်မဲဆန္ဒရှင်များဟာ ဗြိတိန်နိုင်ငံမှ လွတ်လပ်ရေးကို ထောက်ခံခြင်း သို့မဟုတ် မထောက်ခံခြင်းအပေါ် အဖွဲ့ကွဲနေကြဆဲဖြစ်ကြောင်း Sunday Times မှ ထုတ်ပြန်သည့် စစ်တမ်းတစ်ခုမှာ  ဖော်ပြခဲ့ပါတယ်။ 

လူဦးရေ (၁၀၁၀) ကို အခြေခံပြီး ကောက်ယူထားတဲ့ Panelbase စစ်တမ်းတွင် ဖြေဆိုသူ (၄၈%) သည် လွတ်လပ်ရေးကို ထောက်ခံခဲ့ကြပြီး (၄၇%) က ကန့်ကွက်ခဲ့ကြကာ (၅ %)က မသိရှိကြောင်း ဖော်ပြခဲ့ပြီး ဧပြီလမှာပြုလုပ်ခဲ့တဲ့ ယခင်အွန်လိုင်း Panelbase စစ်တမ်းမှာတော့ ထောက်ခံမဲ (၄၇%) နှင့် ကန့်ကွက်သူ (၄၈%) ရှိခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်မှာ ထုတ်ပြန်တဲ့ အခြားသော စစ်တမ်းများမှာတော့ ကွဲပြားပြီး အချို့က (၂၀၁၄) ခုနှစ်တုန်းက ရလဒ်နှင့် ဆင်တူပြီး အချို့က ကွာဟချက် အနည်းငယ်သာရှိကြောင်း ပြသခဲ့ပါတယ်။ 

ပြီးခဲ့သည့် သီတင်းပတ်က စကော့တလန်ရဲ့ ပထမဆုံးသော ၀န်ကြီး နီကိုလာ စတာဂျီယွန်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် ဒုတိယအကြိမ် လွတ်လပ်ရေး လူထုဆန္ဒခံယူပွဲ ကျင်းပရန် အစီအစဉ်များကို ကြေညာခဲ့ပြီး ဗြိတိသျှ အစိုးရမှ ပိတ်ဆို့ခြင်းပြုခဲ့ပါက တရားဥပဒေအရ အရေးယူမယ်လို့ ကတိပြု ပြောဆိုခဲ့ပါတယ်။ 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် ၎င်းရဲ့အာဏာရ ကွန်ဆာဗေးတစ်ပါတီတို့က ဆန္ဒခံယူပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး စကော့တို့သည် လွတ်လပ်ရေးကို ၅၅ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းအထိ မဲခွဲဆုံးဖြတ်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ယင်းပြဿနာမှာ ပြေလည်သွားခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရန် စကော့တလန်ပါလီမန်အား အခွင့်အာဏာပေးသည့် “ပုဒ်မ ၃၀” အမိန့်ထုတ်ရန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယခင်ကငြင်းဆိုထားခဲ့ပါသေးတယ်။ 

ဗြိတိန်အစိုးရထံမှ ယင်းကဲ့သို့ အမိန့်မပေးဘဲ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရဲ့ တရားဝင်မှုကို ပြိုင်ဆိုင်ခဲ့ကြောင်းနှင့် သူမသည် ယူကေရဲ့ တရားလွှတ်တော်ချုပ်သို့ မေးခွန်းမေးမြန်းရန် ရှေ့နေချုပ်နှင့် အကြီးတန်းစကော့တလန်ဥပဒေအရာရှိအား တောင်းဆိုထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

အကယ်၍ စကော့တလန်ပါလီမန်သည် ဝန်ကြီးချုပ်၏သဘောဆန္ဒမပါဘဲ လွတ်လပ်ရေးဆန္ဒခံယူပွဲကို မကျင်းပနိုင်ဟု တရားရုံးမှတွေ့ရှိခဲ့ပါက စကော့တလန်အမျိုးသားပါတီသည် လာမည့် ဗြိတိန်ရွေးကောက်ပွဲတွင် စကော့တလန်လွတ်လပ်သင့်/မသင့်ကို စင်မြင့်ပေါ်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သူမက ပြောဆိုခဲ့ပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.