သထုံ၊ ဇွန် ၃

တိုက်ပွဲတွေ ရက်အတော်ကြာ ငြိမ်သက်နေတဲ့ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်-ထုံးဘိုလေး-ပိန္နဲတောလမ်းပိုင်းမှာ ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တကျော့ပြန် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တယ်လို့ KNU တပ်မဟာ(၁) တာဝန်ရှိသူတွေက ပြောပါ တယ်။

အဲဒီတိုက်ပွဲဟာ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၉)က သထုံမြို့နယ် ထုံးဘိုလေးကျေးရွာထဲကို စစ်ကြောင်း ထိုးလာတဲ့အတွက်ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်နဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အချိန် ၃ နာရီနီးပါးကြာ ဖြစ်ပွားခဲ့တဲ့ အဲဒီနှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ KNU တပ်မဟာ(၁) တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။



အဲဒီနှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ထုံးဘိုလေးကျေးရွာထဲကို လက်နက်ကြီး အချက် ၃၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အရပ်သား တစ်ဦး လက်နက်ကြီး ကျဉ်ထိမှန် ဒဏ်ရာရရှိခဲ့သလို လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲ မဖြစ်တာ ၂ ပတ်နီးပါးကြာ ရှိလာခဲ့ပြီးနောက် တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တာပါ။

တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်မှာ ပြီးခဲ့တဲ့ မေလအတွင်း တိုက်ပွဲ ၄၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇၁ ဦး သေဆုံးခဲ့သလို KNLA ပူးပေါင်းအဖွဲ့က ၂ ဦး သေဆုံးထားတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.