မော်လမြိုင် ၊ ဧပြီ (၂၀)

စစ်မဟာဗျူဟာနဲ့ စစ်ရေးစီမံချက်တွေ ပိုမို အကောင်အထည်ဖော်နိုင်ဖို့အတွက် လက်နက်တချို့ လိုအပ်မှု ရှိနေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ်အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တစ်နှစ်ပြည့် အစီရင်ခံစာ တင်သွင်းစဉ်မှာ ဦးရည်မွန်က ပြောဆိုခဲ့တာပါ။

စစ်မဟာဗျုဟာနဲ့ စစ်ရေးစီမံချက် ချမှတ်အကောင်အထည်ဖော်ရာမှာ အရင်ထက် အဆပေါင်းများစွာ တိုးတက်လာပေမယ့် လက်နက်တချို့ လိုအပ်မှု ရှိနေသေးကြောင်းနဲ့ ဖြည့်ဆည်းနိုင်ဖို့ အတွက် မဟာမိတ်အဖွဲ့တွေ ကြိုးစား ရှာဖွေနေတယ်လို့ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။



“ဒီလက်နက်တွေ ဖြည့်ဆည်းနိုင်ရေးအတွက်လည်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မဟာမိတ်များနဲ့ပူးပေါင်းပြီးတော့ ကြိုးစားရှာဖွေ ဆောင်ရွက် နေပါတယ်ဆိုတာကိုလည်း တင်ပြလိုပါတယ်။အခု ၂၀၂၂ ခုနှစ်ကတော့ ကျွန်တော်တို့နိုင်ငံ ပြည်သူ့တော်လှန်ရေးအတွက် အင်မတန်အရေးကြီးတဲ့ နှစ်ဖြစ်ပါတယ်။ဒီနှစ်အတွင်းမှာ ကျွန်တော်တို့ PDF များ၊မဟာမိတ်များဟာ အရေးကြီးတဲ့ တော်လှန်ရေးအဆင့်ကို တက်ရောက်ပြီးတော့ အရေးကြီးတဲ့အောင်ပွဲများ ခံယူနိုင်အောင် ဆက်လက်ပြီးတော့ ကြိုးစားအားထုတ်သွားမှာ ဖြစ်ပါတယ်ဆိုတာ ကျွန်တော် လွှတ်တော်ကို လေးစားစွာနဲ့ အသိပေးတင်ပြ အစီရင်ခံလိုပါတယ်”လို့ ဦးရည်မွန်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် NUG ကာကွယ်ရေးဝန်ကြီးအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF နဲ့ ညီနောင်မဟာမိတ်ပူးပေါင်းတပ်ရင်း ၂၅၀ ကျော်ကို ဖွဲ့စည်းခဲ့ပြီး တပ်ရင်း ၁၀၁ ရင်းကို လည်း စိစစ်အတည်ပြုနိုင်ပြီးဖြစ်သလို ရှေ့ဆက် နယ်မြေတွေကို ပိုမိုစိုးမိုးထိန်းချုပ်နိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၇ လက ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ချိန်မှာ စနစ်တကျစုဖွဲ့ထားတဲ့ PDF တပ်ရင်း ခြောက်ရင်းသာ လက်နက်တပ်ဆင်နိုင်ခဲ့ပြီး အခုအခါမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအတွက် စက်ရုံထုတ်လက်နက်တွေကို အနည်းဆုံး လိုအပ်ချက်တစ်ခုအနေနဲ့ ရှာဖွေရရှိထားပြီးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနဟာ လက်ရှိအချိန်ထိ စစ်အသုံးစရိတ်အတွက် အမေရိကန်ဒေါ်လာ ၃၄ သန်း သုံးစွဲခဲ့ပြီး အဲဒီထဲက ၈၅ ရာခိုင်နှုန်းကို လက်နက်တပ်ဆင်ရေးအတွက် အဓိက အသုံးပြုထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.