ဘန်ကောက် – ဧပြီ(၁၈)

အစိုးရရဲ့ ဆိုးရွားတဲ့စီးပွားရေးအကြတ်အတည်းကို ကိုင်တွယ်ဖြေရှင်းခဲ့တဲ့အပေါ် ဆန္ဒပြမှု တွေဖြစ်ပွားနေချိန်မှာ သီရိလင်္ကာ သမ္မတ ဂိုတာဘာယာရာဂျာပက်ဟာ ဒီကနေ့မှာ ဝန်ကြီး အသစ်(၁၇) ယောက်နဲ့ အစိုးရအဖွဲ့တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။

အစိုးရအဖွဲ့မှာ သမ္မတအကိုဖြစ်သူ မဂ်ဟင်ဒါရာဂျာပက်ကို ဝန်ကြီးချုပ်အဖြစ် ဆက်လက် ထားရှိတယ်လို့ သိရပါတယ်။

လူ(၂၂) သန်းရှိတဲ့ ကျွန်းနိုင်ငံဟာ ကာလရှည်ကြာ လျှပ်စစ်မီးပြတ်တောက်မှု လောင်စာဆီ နဲ့ ဆေးဝါး ပြတ်တောက်မှုဒဏ်ကို ခံစားနေရပြီး နိုင်ငံခြားငွေလဲလှယ်ရေး အရန်ငွေ သိသိသာသာ ကျဆင်းပြီး ကုန်ပစ္စည်း တင်သွင်းမှုတွေရပ်တန့်သွားတဲ့အတွက် ထောင်နဲ့ ချီတဲ့ လူတွေဟာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အစိုးရက ချေးငွေအစီအစဉ်အတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ဆွေးနွေးဖို့ စီစဉ်ထားပြီး သီရိလင်္ကာမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ငွေကြေးမတည်ငြိမ်မှုတွေကနေ လွတ်မြောက်ဖို့ နည်းလမ်းရှာဖွေနေတယ်လို့ လေ့လာသူတွေက ထောက်ပြထားပါတယ်။

လူထုမငြိမ်မသက်မှုတွေ နဲ့ ရင်ဆိုင်နေရတဲ့ ရာဂျာပက်ဆာဟာ ဒီလအစောပိုင်းက သူ့ရဲ့ အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး ညီညွတ်သော အစိုးရဖွဲ့ဖို့ လွှတ်တော်တွင်းရှိ ပါတီအားလုံး ကိုကမ်းလှမ်းခဲ့ပေမယ့် အတိုက်အခံအုပ်စုတွေနဲ့ အာဏာရမဟာမိတ်အဖွဲ့ဝင်တွေက ကမ်းလှမ်းချက်ကို ပယ်ချထားခဲ့ပါတယ်။

“ယနေ့နံနက်တွင် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာရှေ့မှောက်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးအသစ် ၁၇ ဦး ကျမ်းသစ္စာကျိန်ဆိုခဲ့သည်” ဟု သမ္မတရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

သီရိလင်္ကာနိုင်ငံသား ထောင်ပေါင်းများစွာဟာ စီးပွားရေးမြို့တော် ကိုလံဘိုက  သမ္မတရုံး အပြင်ဘက်မှာ တစ်ပတ်ကျော်ကြာ ဆန္ဒပြခဲ့ကြပြီး ရာဂျာပက်ဆာ အစိုးရ နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

အစိုးရအဆက်ဆက်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှု အလွဲတွေကြောင့်  သီရိလင်္ကာနိုင်ငံရဲ့ ပြည်သူ့ဘဏ္ဍာငွေကို အားနည်းစေခဲ့ပြီး  ၂၀၁၉ ခုနှစ်က ရာဂျာပက်ဆာ အာဏာရပြီး နောက်  ပြဌာန်းခဲ့တဲ့ ပြင်းထန်တဲ့ အခွန်ဖြတ်တောက်မှုတွေကြောင့် အခြေအနေ ပိုမို ဆိုးရွားလာခဲ့တာဖြစ်ပါတယ်။

အသစ်ထပ်မံဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ဝင်တွေဟာ လက်ရှိသမ္မတနဲ့ ဝန်ကြီးချုပ်တို့ ချုပ်ကိုင်ထားတဲ့ အပြောင်းအလဲမရှိတဲ့ အစိုးရတစ်ရပ်ဖြစ်ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.