မော်လမြိုင် ၊ ဧပြီ (၁၆)

လေးကေကော်မြို့သစ်ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထပ်မံကျူးကျော် တိုက်ခိုက်လာတာကြောင့် KNLA ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများစွာနဲ့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဧပြီ ၁၄ ရက်နေ့ ည ၁၁ နာရီထိုးခါနီး အချိန်ကစပြီး KNLA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားတဲ့ လေးကေကော်မြို့သစ်ထဲက တောင်ကုန်းတွေအပေါ်ကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ကျူးကျော်ဖို့ကြိုးစားလာခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာပါ။



ဒီလို တိုက်ပွဲတွေဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်က အမြှောက်လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ကူပေးခဲ့ပေမယ့် ကော်ဘရာစစ်ကြောင်းက ခုခံတိုက်ခိုက်နိုင်ခဲ့တာကြောင့် ဧပြီ ၁၅ ရက်နေ့ မနက် ၃ နာရီခွဲခန့်မှာ စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ KNLA ပူးပေါင်းအဖွဲ့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ကော်ဘရာစစ်ကြောင်းအဖွဲ့က နယ်မြေရှင်းလင်းမှုတွေလုပ်တဲ့အခါမှာ စစ်ကောင်စီရဲ့ ကျည်ဆံတွေ ဗုံးသီးနဲ့ ဖုန်းတွေ စစ်ဝတ်စုံတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

လေးကေကော်မြို့သစ်ကို ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေ ထပ်မံပြုလုပ်ခဲ့တာကြောင့် ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကြောင်းဖွဲ့စည်းပုံပျက်တဲ့အထိ အထိနာခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် အယောက် ၃၀ ကျော် သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ တပ်မ ၄၄ က ဗိုလ်ကြီးတစ်ဦးကို အရှင်ဖမ်းဆီးရခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေကိုလည်း ကော်ဘရာစစ်ကြောင်းအဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.