မော်လမြိုင် ၊ ဧပြီ (၁၆)

အာဏာသိမ်း စစ်ကောင်စီဟာ ကယားပြည်နယ်ကို အဆက်မပြတ် တိုက်ခိုက်တာတွေ လုပ်ဆောင်လာတဲ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံတဝန်းမှာ စစ်မျက်နှာဖွင့်ပေးဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF )က တောင်းဆို လိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဧပြီလ ဒုတိယအပတ်ကစပြီး ကယားပြည်နယ်တဝန်းမှာ စစ်အင်အားတိုးချဲ့ပြီး ထိုးစစ်ဆင်လာသလို လေကြောင်းနဲ့ တိုက်ခိုက်တာတွေလည်း ဆက်တိုက် လုပ်ဆောင်လာပါတယ်။

မြေပြင်မှာလည်း လက်နက်ကြီးတွေနဲ့ အဆက် မပြတ် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

ဒါကြောင့် ကယားပြည်နယ် တစ်ခုတည်းကို စစ်ကောင်စီ ဖိနှိပ်တာတွေ လျော့ကျဖို့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံတဝန်းမှာ စစ်မျက်နှာဖွင့်ပေးဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF ) သတင်းပြန်ကြားရေး တာဝန်ခံက တောင်းဆိုလိုက်ပါတယ်။



“ NUG ကို တောင်းဆိုလိုတာက ကျွန်တော်တို့ ကရင်နီပြည်တစ်ခုမှာပဲ စစ်တိုက်ပြီးတော့ အဖိခံရတာမျိုး မဖြစ်ရအောင် နီးစပ်တဲ့ပြည်နယ်တွေ အခြားနေရာတွေမှာလည်း စစ်မျက်နှာဖွင့်ပေးနိုင်ရင် ကောင်းတယ်ပေါ့နော် ။ ကျွန်တော်တို့ စစ်မျက်နှာတွေဖွင့်ပြီး အင်နဲ့အားနဲ့ လုပ်ကြရင် ကျွန်တော်တို့ ပြည်နယ် တိုင်း တခုတည်း အဖိခံရတာမျိုး မဖြစ်တော့ဘူးပေါ့” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကယားပြည်နယ်ရဲ့ လွိုင်ကော်နဲ့ ဒီမော့ဆိုမြို့နယ်တွေမှာ စစ်ကောင်စီ တပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေသ လို အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် တာကြောင့် တစ်ပတ်အတွင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁၀) ယောက် ကျဆုံး ထားပါတယ်။

ကယားပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၂ သိန်းကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေနဲ့ စစ်ရှောင်စခန်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.