မော်လမြိုင် ၊ ဧပြီ (၆)

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမမှာ သွားလာနေတဲ့ ပြည်သူလူထုတွေအနေနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားတဲ့ကြေညာချက်ကို မဖြစ်မနေ လိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးက ထပ်မံတိုက် တွန်း လိုက်ပါတယ်။

KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်ထဲကို စစ်ကောင်စီဘက်က အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါလေလမ်းပိုင်း လမ်းအသုံးပြု ရပ်ဆိုင်းထားဖို့ KNU က ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

လက်ရှိမှာတော့ အာရှလမ်းမကြီးမှာ ခရီးသွားလာတာတွေ ဆက်ရှိနေတဲ့အတွက်ကြောင့် နှစ်ဖက်တိုက်ပွဲအတွင်း ကားမီးရှို့ဖျက်ဆီးခံရတာ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။

အာရှလမ်းမကြီးဟာ စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့ရာမှာ အဓိက အသုံးပြုနေတဲ့ လမ်းကြောင်း ဖြစ်တာကြောင့် KNU အနေနဲ့ စစ်ရေးအရ ဆောင်ရွက်သင့်တာ ဆောင်ရွက်ရတာ ဖြစ်သလို ပြည်သူလူထုအနေနဲ့ အတတ်နိုင်ဆုံး ပူးပေါင်းပါဝင် လိုက်နာပေးဖို့ ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးက ထပ်မံတိုက်တွန်းလိုက်တာပါ။



“ ကျွန်တော်တို့ ရန်သူတွေက ဒီလမ်းတွေကို အသုံးပြုနေတဲ့အတွက် ဒီလမ်းပိုင်းမှာ မဖြစ်မနေလုပ်နေရတာပါ။ ထုတ်ပြန်ချက်တွေမှာလည်း ဖော်ပြထားပြီးသားပါ။ စစ်ရေးအရ လုပ်တဲ့အခါမှာ ကျွန်တော်တို့ မြွေမသေ တုတ်မကျိုး လုပ်လို့မရပါဘူး။ ဒါကြောင့် ပြည်သူလူထုက ပူးပေါင်း ပါဝင်ပေးပါ” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အရပ်သားလူထုရဲ့ကားတွေကို အသုံးချပြီး အရပ်သားပုံစံနဲ့ အာရှလမ်းမကနေတစ်ဆင့် ချီတက်လာနေတဲ့အတွက် တပ်မဟာ ၆ နယ်မြေထဲမှာ စစ်ကောင်စီ တပ်အင်အားတွေ ပိုမိုများပြားလာခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်ကို ကေအဲန်ယူအနေနဲ့ ဒီအတိုင်း ထိုင်ကြည့်လို့မရတာကြောင့် လုပ်စရာရှိတာလုပ်သွားရမှာ ဖြစ်သလို ပြည်သူတွေအနေနဲ့ကလည်း ရှောင်စရာရှိတာရှောင် ၊ သွားသင့်တာသွားဖို့နဲ့ ဒီလိုသွားလာတဲ့အပေါ်မှာလည်း သတိဝိရိယနဲ့သွားဖို့လိုတယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

KNU ပိတ်ပင်ထားတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမနဲ့ မြဝတီ-ဝေါ်လေ လမ်းပိုင်းတွေမှာ အခုရက်ပိုင်း နှစ်ဖက် ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အာရှလမ်းမမှာ သွားလာနေတဲ့ ယာဉ်တွေတချို့ မီးရှို့ဖျက်ဆီးခံခဲ့ရသလို အရပ်သားပြည်သူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.