မော်လမြိုင် ၊ ဧပြီ (၆)

ကယားပြည်နယ်၊ ဒီမော်ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းမှာ စစ်ရှောင်ကလေး အယောက် ၅၀၀ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်မျိုးကွဲပိုး အိုမီခရွန်ကူးစက်ခံနေရတယ်လို့ စစ်ရှောင်အရေးကူညီနေ သူတွေက ပြောပါတယ်။

စစ်ရှောင်ကလေးငယ်တွေမှာ အိုမီခရွန် ကူးစက်ခံနေရပေမယ့် စောင့်ကြည့်ကုသပေးဖို့ နေရာမရှိတာကြောင့် တစ်ယောက်ပြီး တစ်ယောက် ကူးစက်ခံနေရတာ ဖြစ်ပါတယ်။

ဒ့ါအပြင် ကယားပြည်နယ်ကို စစ်ကောင်စီဘက်က ဆေးဝါး တင်သွင်းခွင့် ကန့်သတ်ထားတာကြောင့် စစ်ရှောင်စခန်းတွေမှာ ဆေးဝါးပြတ်လပ်မှု တချို့ရှိနေသလို အိုမီခရွန် ကူးစက်ခံနေရတဲ့ ကလေးသူငယ်တွေကို ချောင်းဆိုးပျောက်ဆေးတောင် ထောက်ပံ့နိုင်ခြင်း မရှိဘူးလို့ စစ်ရှောင်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။



လက်ရှိမှာတော့ အိုမီခရွန်ကူးစက်ခံနေရတဲ့ စစ်ရှောင်ကလေးသူငယ်တွေ ချောင်းဆိုတာ၊ နှာစေးတာနဲ့ ဖျားနာမှု တချို့ ရှိနေတာ ဖြစ်ပြီး ကလေးသူငယ်တွေအတွက် အိပ်ယာခင်း အပါအဝင် ဆေးဝါး ပစ္စည်းတွေ အရေးပေါ် လိုအပ်နေပါတယ်။

လူဦရေ ၁ သိန်းလောက် ရှိနေတဲ့ ဒီမော်ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ကိုဗစ်ရောဂါပိုး အစုံလိုက် အပြုံလိုက် ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကယားပြည်နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြား တိုက်ပွဲတွေကြောင့် လူဦးရေ ၂ သိန်းကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေနဲ့ စစ်ရှောင်စခန်းတွေမှာ ပုန်းခိုနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.