မော်လမြိုင် ၊ ဧပြီ (၅)

NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ နိုင်ငံရေးလမ်းပြ မြေပုံဆိုင်ရာ အဆိုပြုချက်ကို NUG အစိုးရနဲ့ စစ်ကောင်စီ အပါအဝင် ပါဝင်ပတ်သက်တဲ့ နိုင်ငံရေး အင်အားစု အားလုံးထံ တင်ပြသွားမယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ပြောပါတယ်။

၆ ရက်ကြာ ကျင်းပခဲ့တဲ့ အပစ်ရပ်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ စတုတ္ထအကြိမ်မြောက် ညီလာခံပြီးနောက် ဧပြီလ ၄ ရက်နေ့က ပထမဦးဆုံးအကြိမ် ပြုလုပ်တဲ့ PPST ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

အပစ်ရပ်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ စတုတ္ထအကြိမ်မြောက် ညီလာခံမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ နိုင်ငံရေးလမ်းပြ မြေပုံဆိုင်ရာအဆိုပြုချက်ကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက်ကိုတော့ NUG အစိုးရနဲ့ စစ်ကောင်စီ အပါအဝင် ပါဝင်ပတ်သက်တဲ့ နိုင်ငံရေး အင်အားစု အားလုံးထံ တင်ပြသွားမယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက ပြောပါတယ်။



“ နိုင်ငံရေးလမ်းပြမြေပုံရဲ့ ပထမအဆင့်မှာ အဆိုပြုချက်ကို အစုအဖွဲ့အားလုံးထံ တင်ပြသွားဖို့ ရှိပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် PPST အနေနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့အတွက် NCA မူဘောင်ကို ကိုင်စွဲထားတာ မဟုတ်ဘဲ NCA အနှစ်ရသာအပေါ် ဆက်လက် ရပ်တည်သွားမယ်လို့ ဆိုပါတယ်။

အတည်ပြုရေးဆွဲထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက်တွေကိုလည်း မကြာမီကာလအတွင်း ပြည်သူလူထုဆီ ချပြပေးသွားမယ်လို့ ရဲဘော်မျိုးဝင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော်တို့ရဲ့ နိုင်ငံရေးလမ်းပြမြေပုံ အဆိုပြုချက်က ဘာလဲဆိုတာကို ပြည်သူတွေ ရှင်းရှင်း လင်းလင်းသိအောင် သတင်းမီဒီယာတွေကနေတဆင့် ချပြပေးဖို့ ရှိပါတယ်” လို့ ဆိုပါတယ်။

အပစ်ရပ် ထိပ်သီးခေါင်းဆောင် ညီလာခံပြီးနောက် အပစ်ရပ်အဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST စုဖွဲ့မှုအသစ်အဖြစ် တစ်ဖွဲ့ကို ကိုယ်စားလှယ် ၂ ဦးနဲ့ ဖွဲ့စည်း တာဝန်ပေးအပ် ထားပါတယ်။

ဒါ့အပြင် PPST ရဲ့ ဦးဆောင်မှုကော်မတီကို ပြန်လည် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး အဲဒီအဖွဲ့မှာတော့ အဖွဲ့ခေါင်းဆောင်အဖြစ် မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်းကို တာဝန်ပေးအပ်ထားသလို အဖွဲ့ဝင်တွေအဖြစ် ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့က ဗိုလ်မှူးကြီး ခွန်ဥက္ကာ ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီက ခိုင်စိုးနိုင်အောင်၊ KNU/KNLA/PC က ဒေါက်တာနော်ကပေါ်ထူး နဲ့ ညှိနှိုင်းရေးမှူးအဖြစ် ရဲဘော်မျိုးဝင်းတို့ ပါဝင်ပါတယ်။

အပစ်ရပ်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ စတုတ္ထအကြိမ်မြောက် ညီလာခံကိုတော့ မတ်လ၂၉ ရက်နေ့ကနေ ဧပြီလ ၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.