မော်လမြိုင် ၊ မတ် (၁၆)

ကိုဗစ်ကပ်ရောဂါကြောင့် ယိမ်းယိုင်နေတဲ့ မြန်မာပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း ပြိုကျလုနီးပါး အခြေအနေကို ရောက်ရှိလာပြီး ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ မြန်မာငွေ တန်းဖို ဆက်တိုက်ကျဆင်းလာတာ ၊ ကုန်ကြမ်းပစ္စည်းဈေးနှုန်းမြင့်တက်လာတာ၊ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ခံရတာ၊ လျှပ်စစ်မီး မမှန်တာနဲ့ စက်သုံးဆီ ဈေးနှုန်း အဆမတန် မြင့်တက်နေတဲ့အတွက်ကြောင့် စီးပွားရေးဆက်တိုက် ကျဆင်းလာတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။

အဲဒီနောက်ဆက်တွဲ ပြဿနာအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာတာအပြင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် ပြည်သူတွေအဖို့ မိသားစု စားဝတ်နေရေး အခက်အခဲကို အကြီးအကျယ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

စီးပွားရေး လုပ်ငန်းတွေဆိုရင်လည်း စစ်တပ်အာဏာသိမ်းတဲ့ တစ်နှစ်ကျော်အတွင်း အဘက်ဘက်က ဆုတ်ယုတ်လာပြီး လုပ်ငန်း လည်ပတ်ဖို့ပင် အခက်ကြုံနေရတယ်လို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။



“တစ်လစာ ဘဏ်တိုး ပေးဖို့တောင်မှပဲ မနည်းကို ရုန်းကန်ပြီး ရပ်တည်နေရတယ်၊ ဘဏ်တွေကို မှီခိုနေရတဲ့ လုပ်ငန်းက ဒုက္ခတွေ အကြီးအကျယ် ရောက်နေကြတာ ထိုးနည်းတူစွာပဲ မီတာခတောင် မပေးနိုင်တဲ့ လုပ်ငန်းတွေ အလုပ်သမား လစာတောင် မပေးနိုင်တဲ့ လုပ်ငန်းတွေ တပုံကြီးပဲ ကိုယ်ပိုင်း အထက်တန်း ကျောင်းတွေကအစ အကုန်းလုံး လစာတွေ မပေးနိုင်တော့ဘူး၊ ဟိုတယ်တွေ ဆိုလို့ရှိရင်လည်း မီတာခတောင် မပေးနိုင်လို့ မီးပိတ်ပြီးတော့ အိပ်နေရတဲ့ ဟိုတယ်တွေ တစ်ပုံကြီးပဲ” လို့ ဆိုပါတယ်။

အခုလို အခြေအနေတွေကြောင့် လုပ်ငန်းအများစု ရပ်နားကြသလို တချို့လုပ်ငန်းတွေကလည်း လုပ်ငန်းကို ထက်ဝက်နီးပါး လျှော့ချလာကြပါတယ်။

ဒါ့အပြင် ဝန်ထမ်းတွေကို လစာနှုန်းထား လျှော့ချတာအပြင် ဝန်ထမ်းဦးရေ လျှော့ချတဲ့အတွက်ကြောင့် အလုပ်လက်မဲ့နှုန်း သိသိသာသာ တိုးလာနေပါတယ်။

အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာမှုဟာ ပြည်သူတွေအတွက် မိသားစု စားဝတ်နေရေးကို ပိုမို အခက်အခဲဖြစ်စေတယ်လို့ အခြေခံပြည်သူအရေး ကူညီပေးနေသူ တစ်ဦးက ဆိုပါတယ်။

“ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများကြီးတွေ့နေရတယ်။ စားဝတ်နေရေးအတွက်ပဲ ရုန်းကန်နေရတော့ ကျန်းမာရေး ပြဿနာဖြစ်လာရင်တောင် ကုဖို့ အဆင်မပြေဘူး ခက်ခဲကြတယ်” လို့ ဆိုပါတယ်။

အခုလို လူမှုဘဝ ကျပ်တည်းလာတဲ့အတွက်ကြောင့် ပြည်သူတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်အကိုင် ရရှိရေး မျှော်လင့်ချက်နဲ့ တရားမဝင် လမ်းကြောင်းတွေကနေ နေ့စဉ်ဝင်ရောက်နေတဲ့အတွက် အဖမ်းခံရသူ သောင်းနဲ့ချီ ရှိနေပြီး ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်အတွင်း ပြည်တွင်းထုတ်လုပ်မှုတန်းဖို GPD ၁၈ ရာခိုင်နှုန်းနီးပါးထိ ထိုးကျလာခဲ့သလို ပြည်သူ သန်းနဲ့ချီ ငတ်မွတ်ခေါင်းပါးမှုဘေးဒဏ်ကို ခံစားရဖို့ ရှိနေတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.