မော်လမြိုင် ၊ မတ် (၁၆)

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းမှာ လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၂၀၀ မှ ၁၆၀၀ အထိ စံချိန်တင် ဈေးနှုန်းမြင့်တက်လာတာကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေးမြို့နယ်ဟာ အစိုးရလျှပ်စစ်မီးမရတာကြောင့် မြို့ပေါ်နဲ့ ဒေသခံကျေးရွာတွေကပြည်သူတွေအနေနဲ့ ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းတွေက ရောင်းချပေးတဲ့ လျှပ်စစ်မီးတွေကိုဈေးနှုန်းပိုပေးပြီး သုံးစွဲနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာတာကြောင့် မြို့ပေါ်မှာ လျှပ်စစ်မီတာခ တစ်ယူနစ် ၁၂၀၀ ကျပ်နဲ့ ကျေးရွာတွေမှာတော့ ၁၆၀၀ ကျပ်အထိ သက်ဆိုင်ရာကုမ္ပဏီဘက်ကတိုးမြှင့်ကောက်ခံလာတာ ဖြစ်ပါတယ်။



ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်နေ ပြည်သူတစ်ဦးက ” ပထမတော့ အချိန်ပိုင်းပဲပေးမယ်ကြားတယ်၊ ခုတော့ အချိန်ပြည့်ပဲပေးမယ်သိရတယ်၊ ယူနစ်ကြေးကတော့ ၁၂၀၀ ဖြစ်သွားတယ်၊ လောင်စာစီနဲ့သုံးစွဲရမယ်ဆိုရင်လည်းမကိုက်တော့ အခက်အခဲအများကြီးရှိပေမယ့် ချင့်ချိန်ပြီးတော့ သုံးစွဲရမယ့်သဘောပါ၊ နယ်ကရွာတွေဆို ပိုခံစားရတယ်၊ အချို့ကုမ္ပဏီတွေကအချိန်ပိုင်းပဲပေးနိုင်တယ်၊ ခေါဇာမြို့မှာဆို တစ်နေ့၆ နာရီပဲရတယ်၊ တစ်ယူနစ် ၁၆၀၀ ကို ၁၀ ယူနစ်က မသုံးမနေရသုံးပေးရတယ် ” လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်၊

မီတာခတိုးကောက်လို့ဆိုပြီး ရေးမြို့ကိုမီးပေးနေတဲ့ မီးလင်းရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ မြတ်သူရကုမ္ပဏီကို မတ်လ ၅ ရက်နေ့က ဗုံးခွဲခံခဲ့ရပြီး လူသေဆုံးမှုမရှိခဲ့ပေမယ့် မီးလင်းရေးကော်မတီဘက်ကတော့စက်သုံးဆီဈေးမြင့်တက်လာတာကြောင့် ခုလို မီတာခကို တိုးကောက်ရတာလို့ ပြောဆိုထားပါတယ်။

ရေးမြို့နယ်အတွင်းက ပြည်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်ဈေးနှုန်း ကြီးမြင့်နဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာပဲ လျှပ်စစ်မီတာခ ဈေးနှုန်းမြင့်မှုဒဏ်ကိုပါ ထပ်မံ ခံစားနေရတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.