မော်လမြိုင် ၊ မတ် (၁၆)

ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ဖမ်းဆီးခံရမှု ပိုမို မြင့်တက်လာတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို နေ့စဉ်ဆိုသလို ထိုင်းအစိုးရက ပိုက်စိပ်တိုက်ဖမ်းဆီးပြီး အရေးယူဆောင်ရွက်နေပေမယ့် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုက ပိုမို မြင့်တက်လာပါတယ်။

နယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော်လာပြီး ဝင်ရောက်လာတဲ့အတွက်ကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အရေအတွက်ဟာ တစ်လကို အနည်းဆုံး ၄၀၀၀ ကနေ ၅၀၀၀ ဝန်းကျင်အထိ ရှိနေတယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်(MWRN)ရဲ့ အကြံပေးတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်က ပြောပါတယ်။

“ တစ်လကို လူလေးထောင်လောက် ဖမ်းဆီးမိနေပါတယ်။ အဖမ်းမခံရဘဲ လွတ်သွားတဲ့သူစာရင်းကိုတော့ မသိရဘူးပေါ့။ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးလာတော့ လွတ်လမ်းတစ်ခုအနေနဲ့ အဖမ်းခံရမယ်မှန်း သိပေမယ့် အရဲစွန့်ပြီး လာနေတယ်လို့တော့ သုံးသပ်လို့ ရပါတယ်” လို့ ဆိုပါတယ်။



မြန်မာရွှေပြောင်းအလုပ်သမားတွေဟာ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးနေတဲ့အတွက်ကြောင့် ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်နေတာ ဖြစ်ပါတယ်။

ထိုင်းအစိုးရကတော့ သူတို့မှာ အလုပ်သမားလိုအပ်ချက်ရှိနေပြီး MOU စနစ်နဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ခေါ်ယူဖို့ကြေငြာထားပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါအခြေအနေကြောင့် လာမယ့်ဧပြီလလောက်မှာ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

ဒါ့ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် အရဲစွန့်ပြီး မလာကြဖို့နဲ့ MOU စနစ်နဲ့ တရားဝင် ခေါ်ယူမှ လာရောက်ကြဖို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတွေက တိုက်တွန်းလိုက်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.