ဘန်ကောက်၊ မတ် ၁၅

Nok Air သည် ခရိုင်ဖြတ်ကျော်နှင့် နိုင်ငံတကာလေကြောင်းခရီးစဥ်များကို တိုး၍ ပြေးဆွဲနိုင်ရန် စီစဥ်နေပြီး နခွန်ရက်ချဆီမာ – ချင်းမိုင် ခရီးစဥ်ဖြင့် စတင်လိုက်သလို ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင်လည်း ဗီယက်နမ် သို့ ပြေးဆွဲမည့် နိုင်ငံတကာလေကြောင်းခရီးစဥ်များကိုလည်း ပုံမှန်အတိုင်းပြန်လည်ပတ်မည်ဖြစ်သည်။ 

Nok Air အကြီးအကဲ ဝုထစ်ဖွမ် ဂျူရန်ကိုလ်က လေကြောင်းလိုင်းအနေဖြင့် ဒေသဖြတ်ကျော်ခရီးစဥ်များ အတွက် အခွင့်အလမ်းများကို လေ့လာနေပြီး အထူးသဖြင့် ဖျက်သိမ်းထားသော နခွန်ရက်ချဆီမာ လေဆိပ်နှင့် တောင်ပိုင်း ခရိုင်ဒေသန္တရဖြစ်သော ရာလရှိ ဘီတွန်လေဆိပ်အသစ် မှ စီးပွားရေးဆိုင်ရာ လှုပ်ရှား ဆောင်ရွက် မှုများကို ပိုမိုဖန်တီးနိုင်ရန် ခရီးသွားလာရေးကို ပံ့ပိုးပေးနိုင်ရန် ဖြစ်သည်။ 

လူများသည် လေဆိပ်သာမရှိလျှင် ဟတ်ယိုင် မှ ဘီတွန်အထိ ကားလမ်းဖြင့် ခရီးသွားဖို့ အချိန် ၅ နာရီ အသုံးပြု ရမည်ဖြစ်သည်။  

ထိုခရိုင်ဒေသန္တရများရှိ လူအများသည်လည်း ယင်းတို့သွားရောက်လိုသော ခရီးစဥ်အတွက် တိုက်ရိုက် လေကြောင်းလိုင်းမရှိသောကြောင့် ဒိုမောင်းလေဆိပ်သို့ ကနဦးသွားရောက်၍ ထပ်ဆင့်ခရီးအတွက် ကွင်းချိန်း ပြုလုပ်ရန် ၂ နာရီ မှ ၃ နာရီ အထိ စောင့်ဆိုင်းကြရသည်။  

အဆိုပါ ပုဂ္ဂိုလ်၏ ပြောကြားချက်အရ နခွန် ရက်ချဆီမာ – ချင်းမိုင် လမ်းကြောင်းသည် တစ်ပတ်လျှင် ၂ ကြိမ် မှ ၃ ကြိမ်အထိ ပျံသန်းပြေဆွဲမည်ဖြစ်ပြီး လက်မှတ်တန်ဖိုးမှာ ဘတ် ၂၀၀၀ အောက် ကျသင့်မည်ဖြစ်သည် ဟု ပါရှိသည်။ 

လေကြောင်းလိုင်းအနေဖြင့် ရာသီကျတောင်းဆိုချက်များအပေါ်မူတည်၍ နခွန် ရက်ချဆီမာ မှ ဖူးခက်၊ ဟတ်ရိုင်များသို့ ပြေးဆွဲရန်နှင့် ဘီတွန်နှင့် ဟတ်ရိုင်အကြားချိတ်ဆက်နိုင်ရန်လည်း စီစဥ်နေသည်။ 

မစ္စတာ ဝုထစ်ဖွမ် က “နခွန်ရက်ချဆီမာလေဆိပ်ကနေ ပြေးဆွဲတဲ့ လေကြောင်းလိုင်းအများစုက အရှုံးပေါ်ခဲ့ ကြတယ်၊ ဘာကြောင့်လဲဆိုတော့ ပျမ်းမျှခရီးသည်ဝယ်လိုအား Flight တစ်ကြိမ်ကို လူ ၇၀ – ၈၀ ဦးအထိပဲ ဝယ်လိုအားရှိတဲ့အပေါ် လေယာဥ်အကြီးစားတွေ အသုံးပြုပြေးဆွဲခဲ့ကြတာပါ။ Nok Air အနေနဲ့ကတော့ ၈၆ ခုံဝင်ဆံ့တဲ့  Q 400 ဂျက်လေယာဥ်တွေကိုပဲ အသုံးပြုသွားမှာပါ၊ သို့ပေမယ့်လည်း လေယာဥ်အသစ် ၆ စီး သွင်းဖို့ကိုလည်း ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ အတည်ပြုချက်ရှိထားဖို့ လိုပါသေးတယ်”ဟု ပြောကြားခဲ့သည်။ 

Nok Air သည် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် နိုင်ငံတကာလေကြောင်းခရီးစဥ်အဖြစ် ဗီယက်နမ်၊ ဟိုချီမင်းသို့ ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ခရီးသည်လာရောက်နိုင်မည့် ဝယ်လိုအားကို မောင်းနှင်းရန် ဗီယက်နမ် ခရီးသွား အေဂျင်စီများနှင့် ညှိနှိုင်းဆဲ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

အခြားသော ခရီးစဥ်များဖြစ်သည့် ဂျပန် အိုဆာကာ သို့မဟုတ် ဂူဝါဟာတီနှင့် အိန္ဒိယရှိ အခြားသော မြို့ကြီးများဖြစ်သည့် နယူးဒေလီ၊ ဟိုက်ဒီရာဘတ်နှင့် ဗာရန်ဆီ စသောမြို့များသို့ ပြေးဆွဲရန်လည်း စီစဥ်နေသည်။ 

လေကြောင်းသည် ကပ်ဘေးကာလအတွင်း ခွင့်ပြုချက်သက်တမ်းကုန်ဆုံးသွားသော အိန္ဒိယသို့ လေကြောင်းခရီးစဥ်များပြေးဆွဲရေးဆိုင်ရာ ရပိုင်ခွင့်များကို ထိုင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်များသို့ တင်ထားပြီး  ပြန်ချပေးမည့်အခြေအနေကို စောင့်မျှော်လျှက်ရှိသည်။ 

Nok Air သည် လွန်ခဲ့သောနှစ်အတွင်း ခရီးသည် ၁.၅ မီလီယမ်ကို တင်ဆောင်ပြေးဆွဲနိုင်ခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.