မော်လမြိုင် ၊ မတ် (၁၅)

စက်သုံးဆီ အပါအဝင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်နေတဲ့အတွက်ကြောင့်
မတ်လ ၁၆ ရက်နေ့ကစပြီး ၂၀ လီတာ ရေသန့် တစ်ဗူးကို ကျပ် ၅၀၀ ကနေ ကျပ် ၇၀၀ ထိ တိုးမြှင့်မယ်လို့ မော်လမြိုင်မြို့နယ် ရေသန့်လုပ်ငန်းရှင်များအသင်းက ကြေညာထားပါတယ်။

စက်သုံးဆီ အပါအဝင် ရေသန့် ထုတ်လုပ်ရာမှာ အသုံးပြုနေတဲ့ ကုန်ကြမ်း ပစ္စည်းတွေ ဈေးနှုန်း မြင့်တက်လာတဲ့အတွက်ကြောင့် ရေသန့်ဈေးနှုန်းပါ တိုးမြှင့်ရတာလို့ ရေသန့် လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့က ဒါလက်ရှိ အနေအထား ဆီဈေးတွေ ကုန်ဈေးနှုန်းတွေ အကုန်လုံး ကုန်ကြမ်းတွေပေါ့ ကျွန်တော်တို့ ဒီထုတ်လုပ်မှု အပိုင်းက ပလတ်စတစ်နဲ့ ပတ်သက်တာတွေ ဝယ်ရတာတွေပေါ့ အကုန်လုံးက ဈေးတက်တာ မဟားတရား တက်တာပါ ထက်ဝက်မကဘူး တက်တော့ ကျွန်တော်တို့မှာ လည်ပတ်တဲ့ စက်ပစ္စည်းတွေ အကုန်လုံးက မီတာခတွေရော နောက်ပြီးတော့ ဒီစက်သုံးဆီတွေ အဓိကကတော့ ကျွန်တော်တို့ ကားတွေက ရေနဲ့သွားလို့ ရတဲ့ကားလည်း မဟုတ်ဘူးလေ စက်သုံးဆီတွေ မတရား ဈေးတက်လာတော့ စက်သုံးဆီ တစ်လီတာကို အရင်တုန်းက ဆိုရင် (၇၀၀)လောက်က နေပြီးတော့ အခု ထောင်ကျော် ဖြစ်လာတဲ့ အနေအထားမှာ ကျွန်တော်တို့ ရေဈေးတက်တာက ရာခိုင်နှုန်းနဲ့ ကြည့်မယ်ဆိုရင် ပါးပါးလေပဲ ရှိတာပါ” လို့ ဆိုပါတယ်။

ဒါ့အပြင် ကျန်ရှိတဲ့ ရေသန့် တစ်လီတာဗူးအပြင် တခြား ရေသန့်ဗူးတွေကိုလည်း ကုန်ကျစရိတ်အပေါ် မူတည်ပြီး ဈေးနှုန်း တိုးမြှင့်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စက်သုံးဆီဈေးနဲ့ အထွေထွေ ကုန်ကျစရိတ်တွေ ပြန်လည် ကျဆင်းလာရင် ရေသန့်ဈေးနှုန်း ပြန်ချပေးဖို့ ရေသန့် လုပ်ငန်းရှင်တွေ ညှိနှိုင်းထားပါတယ်။

မော်လမြိုင်မြို့မှာတော့ FDA ထောက်ခံချက် ရရှိထားတဲ့ ရေသန့်လုပ်ငန်း ၁၀ ခုထက်မနည်း ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.