မော်လမြိုင် ၊ မတ် (၁၅)

စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများနေတဲ့ ကေအဲန်ယူထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ရာနဲ့ချီ ထပ်မံတိုးချဲ့လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက ဘားအံ-ရွှေဂွန်း-မြိုင်ကြီးငူကားလမ်းမအတိုင်း စစ်ကောင်စီရဲ့ စစ်ကား ၁၃ စီးခန့်ဟာ မြိုင်ကြီးငူကနေတစ်ဆင့် တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်ထဲကို စစ်အင်အားတိုးချဲ့လာတာပါ။

ဒါ့အပြင် ရဟတ်ယာဉ်တွေနဲ့ လာရောက်ထောက်လှမ်းမှုတွေပြုလုပ်တဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့သေးတယ်လို့ KNU တပ်မဟာ ၅ ကလည်း ထုတ်ပြန်ပါတယ်။

လက်ရှိမှာတော့ ဖာပွန်ခရိုင် မထောကျေးရွာအုပ်စုအတွင်းက ဒေသခံပြည်သူတွေဟာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ရွာလွတ်လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ဖာပွန်ခရိုင်ထဲမှာမှာတော့ စစ်ကောင်စီတပ်နဲ့ BGF တပ်တွေဟာ မကြာခဏဆိုသလို လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတဲ့အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေဟာ လစဉ်ရှိနေတာဖြစ်ပါတယ်။

ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတက်တို့အကြားတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး စစ်လက်နက်ပစ္စည်းမျိုးစုံအပြင် စစ်ကောင်စီတပ်သား ၂၀ ကျော် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.