မော်လမြိုင်၊ မတ် ၁၅

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ဖို့ မူဝါဒရေးဆွဲရာမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ အကြီးစားရေကာတာစီမံကိန်း တည်ဆောက်တာတွေကို လုံးဝတားမြစ်ပိတ်ပင်တဲ့ မူဝါဒချမှတ်ပေးဖို့ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ယက်အဖွဲ့က ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

မတ်လ ၁၄ ရက်နေ့မှာကျရောက်တဲ့ မြစ်ချောင်းမျာအခွင့်အရေးအတွက် နိုင်ငံတကာလှုပ်ရှားမှုနေ့မှာ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အီးတုထစစ်ဘေးရှောင်စခန်းက ဌာနေပြည်သူလူထုတွေနဲ့ပူးပေါင်းပြီး သဘောထား ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းတည်ဆောက်ဖို့ မူဝါဒရေးဆွဲရာမှာ ဌာနေတိုင်းရင်းသားတို့ရဲ့ နေထိုင်မှု အသက်မွေးဝမ်းကျောင်းနဲ့ကိုက်ညီတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒတွေကို အထူးအလေးထားထည့်သွင်းရေးဆွဲဖို့ တောင်းဆိုထားတာပါ။



ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့လည်း သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကိုအသိအမှတ်ပြုပြီး လုပ်ငန်းတွေကောင်းမွန်စွာ အကောင်အထည်ဖော်လည်ပတ်နိုင်ဖို့အတွက် ငွေကြေးအထောက်အပံ့တွေ၊ နည်းပညာစွမ်းရည်မြှင့်တင်ရေးကဏ္ဍတွေနဲ့ ဥပဒေအကြံဉာဏ်ထောက်ပံ့မှုတွေကို ဒေသခံပြည်သူလူထုနဲ့ပူးပေါင်းပါဝင် ပံ့ပိုးကူညီပေးဖို့နဲ့ လူထုကိုထိခိုက်စေတဲ့ အကြီးစားဆည်တွေ တည်ဆောက်မှုအပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ တောင်းဆိုထားပါတယ်။

ကေအဲန်ယူအနေနဲ့ကလည်း ကော်သူးလေကပြဌာန်းထားတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ဆက်စပ်တဲ့ တည်ဆဲမူဝါဒတွေနဲ့အညီ မြစ်ချောင်းတွေ၊ သစ်တောအရင်းအမြစ်တွေ၊ မျိုးတုန်းပျောက်ကွယ်လုတဲ့ တိရိစ္ဆာန်မျိုးစိတ်တွေ၊ ဒီရေတောတွေ စတဲ့ သဘာဝအရင်းအမြစ်တွေကို ထိန်းသိမ်းကာကွယ်ပေးဖို့နဲ့ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ဖို့၊ ကော်သူးလေဒေသက သဘာဝအရင်းအမြစ်တွေကို အကြီးစားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကိုယ်ကျိုးစီးပွားအတွက် အမြတ်ထုတ်သူတွေရဲ့ လက်ဝါးကြီးအုပ်စိုးမှုအောက်မှာ မကျရောက်စေဖို့အတွက် ထိထိရောက်ရောက် အရေးယူကာကွယ်တားဆီးဖို့ တောင်းဆိုထားတာပါ။

ဒါ့အပြင် နိုင်ငံတကာအသင်းအဖွဲ့တွေအနေနဲ့ မတရားအာဏာသိမ်းယူထားတဲ့ စစ်ကောင်စီအဖွဲ့ကို တရားဝင်အစိုးရတစ်ရပ်အဖြစ် အသိအမှတ်မပြုကြောင်း ထုတ်ပြန်ကြေငြာပေးဖို့၊ ပြည်ပကရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေအနေနဲ့ စစ်ကောင်စီကိုငွေကြေးပံ့ပိုးမှုဖြစ်စေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ချက်ချင်းရပ်တန့်ပေးဖို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ယက်အဖွဲ့က တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.